ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရဝန်ထမ်းတွေ ၅၀ ရာနှုန်းသာရုံးတက်ဖို့ သတ်မှတ်ချက်ထဲ ကျန်းမာရေးဝန်ထမ်းတွေ မပါဝင်
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ အစိုးရဝန်ထမ်းတွေ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ကြဖို့ သတ်မှတ်ချက်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေမပါဝင်ကြောင်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံအုပ်ကြီးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သမ္မတရုံးက မနေ့က မတ် ၂၅ ရက်ညပိုင်းထုတ်ပြန်ချက်မှာ ရုံးဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ကြဖို့နဲ့ ကျန်တဲ့သူတွေ ကလည်း တာဝန်ကျရာနေရာကနေ ကိုယ့်နေရပ်ကို ပြန်မသွားဖို့၊ လိုအပ်တဲ့အချိန် ခေါ်ယူတာဝန်ပေးရင် ကိုယ့်နေအိမ်တွေကနေ အသင့်စောင့်ဆိုင်းနေဖို့ ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်ကို စုံစမ်းကြည့်တဲ့အခါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်က ကျန်းမာရေးဝန်ထမ်းတွေမပါဝင်တာကို သိရတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးရဲ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးလက်မှတ်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"ဟုတ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆက်အလုပ်လုပ်နေရမှာပါ။ ပုံမှန်အတိုင်းပဲ တာဝန်ဆက်လက်ထမ်းဆောင်ပါမယ်။ ဆရာဝန် တွေသူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေကတော့ဘာမှ စိုးရိမ်မှုမရှိပါဘူး။ ဒါ ကျွန်မတို့လုပ်နေကျ အလုပ်ပါပဲ" လို့ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနဲ့ သင်ကြားရေးဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်၁၉ ကိုခုခံကာကွယ်ရာမှာ ရှေ့တန်းက ပါဝင်နေတဲ့သူတွေဖြစ်ပြီး တချို့ ဆရာဝန်တွေသူနာပြုတွေဆိုရင် မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင် လုံခြုံဖို့ ဆေးရုံကနေ အိမ်မပြန်ဖို့ ဆုံးဖြတ်တာတွေလည်း ရှိနေပါတယ်။
မတ်လ ၂၆ ရက် မွန်းလွဲပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ အတည်ပြုလူနာ သုံးဦး တွေ့ရှိထားပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။
လောလောဆယ် ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းတချို့ ကြုံနေရတဲ့ပြဿနာကတော့ အပြင်အဆောင်တွေမှာနေရတဲ့ ဆရာဝန်တချို့ကို အဆောင်တချို့က လက်မခံချင်တဲ့ပြဿနာတွေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အဲဒါကြောင့်မန္တလေးမှာဆိုရင် အဲဒီပြဿနာကြုံနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခမဲ့နေထိုင်ခွင့်ပေးမယ့်နေရာတွေကို ဆရာတော်ကြီးတွေနဲ့ ပုဂ္ဂလိက နေအိမ်ပိုင်ရှင်တွေက ကမ်းလှမ်းဖိတ်ခေါ်နေတာတွေလူမှုကွန်ရက်မှာ တွေ့ရှိရပါတယ်။