ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ် ၁၃ က စလို့ အိန္ဒိယက ဝင်ခွင့် ပိတ်လို့ ဗုဒ္ဓ ဂါယာ ဘုရားဖူးတွေ ပြန်ခေါ်ဖို့ လိုအပ်
အိန္ဒိယ နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမ်လို့ အခုလ က စပြီး တော့ ဆိုက်ရောက် ဗီဇာ ပေးမှု တွေကို တစ်လ ကြာ ရပ်နား ထားမယ်လို့ ကြေညာပါတယ်။
ဒါ့အပြင် ဗီဇာ ကင်းလွတ်ခွင့် နဲ့ လာရောက် လည်ပတ်နိုင်တဲ့ နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုကိုလည်း တားမြစ် သွားမယ်လို့ အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။
သာမန် နိုင်ငံကူး လက်မှတ် နဲ့ ဗီဇာ ရယူ ထားသူ အားလုံး ကို ပြည်ဝင်ခွင့် တစ်လ ကြာ ပိတ်ပင် သွားမှာလည်း ဖြစ်ပါတယ်။
မတ်လ ၁၃ ရက်က စပြီး သူ့နိုင်ငံတွင်း ဝင်ရောက်ခွင့် ကို ပိတ်ပင် လိုက်တဲ့ အတွက် မြန်မာ နိုင်ငံ ကနေ ဗုဒ္ဓ ဂါယာ ဘုရားဖူး သွားရောက် နေတဲ့ မြန်မာ နိုင်ငံသားတွေကို အမြန်ဆုံး ဆုံးပြန်လည်ခေါ်ယူဖို့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီ ကနေ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီး သတိပေး လိုက်ပါတယ်။
အိန္ဒိယရဲ့ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ ကြေညာချက်ကြောင့် ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် အတွက် အိန္ဒိယနိုင်ငံရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံး ပြန်ခေါ်နိုင်ဖို့ လေကြောင်း လိုင်းတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် အိန္ဒိယနိုင်ငံက သူ့နိုင်ငံတွင်း ဝင်ရောက်နိုင်မယ့် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း၊ နယ်စပ်ဂိတ်တွေအပါအဝင် လမ်းကြောင်းအားလုံးက ဝင်ရောက်ခွင့်ကို မတ် ၁၃ ရက်ကစပြီး ဧပြီ ၁၄ရက်နေ့အထိ ပိတ်လိုက်တာဖြစ်ပါတယ်။
ဂါယာခရီးစဉ်ထဲမှာ အိန္ဒိယနိုင်ငံထဲကနေရာတွေအပြင် နယ်စပ်ကတဆင့် နီပေါနိုင်ငံထဲ သွားရောက်ပြီး ဘုရားဖူး ရတဲ့နေရာတွေလည်းပါတာကြောင့် နီပေါနိုင်ငံထဲရောက်နေတဲ့ မြန်မာတွေအနေနဲ့ ဒီကနေ့ မတ် ၁၂ ရက်နေ့ နောက်ဆုံးထားပြီး အိန္ဒိယနိုင်ငံထဲ ပြန်ဝင် ရမှာလည်း ဖြစ်ပါတယ်။
အိန္ဒိယရဲ့ကြေညာချက်ကြောင့် မတ်လ ၁၂ ရက်နေ့မှာ နီပေါကနေ ခရီးစဉ်အချို့ဖျက်ပြီးအိန္ဒိယနိုင်ငံထဲပြန်လှည့်ပြန် နေရ ပြီလို့ Shwe Mar Win Travel and Tour ကုမ္ပဏီ ပိုင်ရှင် ဒေါ်ရွှေမာဝင်းက ဘီဘီစီကို ပြောပြပါတယ်။
ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်အဖြစ် အနည်းဆုံးတပတ်ကနေ ၁၅ ရက်ဝန်းကျင်ကြာမြင့်တဲ့ ခရီးစဉ်အတွက် လူတစ်ဦးကို ကျပ် ၁၀သိန်းကနေ ၁၃သိန်းဝန်းကျင်အထိ ကုန်ကျတယ်လို့သိရပါတယ်။
ဒီခရီးစဉ်တစ်ခုတည်းအတွက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကိုသွားရောက်တဲ့ ခရီးသည် အရေအတွက် ဟာ လစဉ် ရာနဲ့ချီရှိပြီး၊ ပြည်တွင်းမှာ ဘုရားဖူး ခရီးစဉ် အတွက်၀ န်ဆောင်မှုပေးတဲ့အဖွဲ့ပေါင်း ၂၀၀ကျော်ရှိပါတယ်။
အိန္ဒိယနိုင်ငံက သူ့နိုင်ငံတွင်း ဝင်ရောက်ခွင့် ဗီဇာတွေကို မတ် ၁၃ ရက်ကနေ ဧပြီ ၁၄ရက်နေ့ အထိ ပိတ်ထား မယ်လို့ ရုတ်တရက်ကြေညာလိုက်တဲ့အတွက် ပြည်တွင်းမှာ ဗုဒ္ဓဂါယာ ခရီးစဉ်အတွက်ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း တွေဟာ ရောင်းချပြီး ခရီးစဉ်အများအပြားကို ဖျက်သိမ်းဖို့ ဆောင်ရွက် နေကြောင်း ကုမ္ပဏီ တချို့ က ပြောပါတယ်။
လောလောဆယ် အိန္ဒိယ နိုင်ငံမှာ ကိုရိုနာ ကိုဗစ် -19 ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၇၃ ဦး ရှိပြီး၊ ကူးစက်ခံရသူ ဦးရေး တိုးလာ နိုင်တယ်လို့ ကျန်းမာရေး ဝန်ကြီး က ပြောပါတယ်။