ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီဘီဘဏ် ငွေလုသူ မိပြီလို့ ရဲတပ်ဖွဲ့ ကြေညာ
ဒဂုံမြို့သစ် မြောက်ပိုင်း ပင်လုံလမ်းနဲ့ အဏ္ဏဝါလမ်းသွယ်ထောင့်မှာရှိတဲ့ စီဘီဘဏ်ကနေ ငွေလုခဲ့တဲ့ အမျိုးသားကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီခွဲမှာ ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသားက ဖေဖော်ဝါရီလ ၇ ရက်မှာ စီဘီဘဏ် ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်၊ ဗုံးအတုချပြီး ကျပ်သိန်း ၆၀၀ လုယူထွက်ပြေးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ရဲဇာနည်မှာ ဖော်ပြ ထားပါတယ်။
အဲဒီအမှုမှာ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ အင်ကြင်းမြိုင်လမ်း ၊ အမှတ် ၃၃ ရပ်ကွက်မှာ နေထိုင်တဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသရဖြစ်စရာ အသက် ၄၇ နှစ်အရွယ် စိုးကျော်ကျော် ကို ပြစ်မှုကျူးလွန်ရာမှာ သုံးခဲ့တဲ့ ပရိုဘောက်စ်ယာဉ်၊ လုသွားတဲ့ ကျပ် သိန်း ၃၇၀ ကျော်၊ လုယူငွေတွေနဲ့ လဲလှယ်ထားတဲ့ အမေရိကန်ဒေါ်လာ ၇၀၀၀ တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
သူဟာ အရေးကြီးငွေ လိုအပ်တဲ့ အတွက် ပြစ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူလုယူစဉ်က ဘောစေ့နဲ့ ပစ်တဲ့ သတ္တုကိုယ်ထည် သေနတ်အတု၊ ဗုံးအတုတို့ကို သုံးခဲ့ကြောင်း၊ အဲဒီ သေနတ် အတုနဲ့ ဗုံးအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ AYY CC/xxxx ယာဉ်နံပါတ်ပြား အတုတို့ကိုလည်း ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။