ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်က မြို့နယ်အချို့မှာ အင်တာနက်ဖြတ်တောက်မယ်လို့ အော်ပရေတာအချို့ အသိပေးအပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ
ရခိုင်က မြို့နယ်အချို့မှာ အင်တာနက်ဖြတ်တောက်မယ်လို့ အော်ပရေတာအချို့ အသိပေး
ဘူးသီးတောင်နဲ့မောင်တောမြို့နယ်၊ရသေ့တောင်မြို့နယ်တို့မှာ အင်တာနက်ဖြတ်တောက်မယ့်အကြောင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကစတင်ပြီး သုံးစွဲသူတွေထံ ဆက်သွယ်ရေး ကုမ္ပဏီအချို့ရဲ့ အသိပေး အကြောင်း ကြားတဲ့ မက်ဆေ့တွေရောက်လာတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
' ' တယ်လီနောနဲ့ အမ်ပီတီကတော့ သေချာသလောက်ရှိသွားပြီ။ အော်ရီဒူးကတော့ တချို့နေရာတွေမှာ သုံးလို့ရနေသေးတယ်လို့သိရတယ်။ နဂိုတည်းကလည်း အရင်ပြန်ပေးထားတဲ့ ၄မြို့နယ်ကို အင်တာနက် ပြန်ဖြတ်မယ်လို့ အသံထွက်နေတာ။ အခက်အခဲတွေကတော့အများကြီးရှိတာပေါ့''လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံးအတွင်းရေးမှူးဦးဇော်ဇော်ထွန်းကပြောပြပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်က မြို့နယ် ၈ခုကို ၂၀၁၉ ဇွန်လကတည်းက အင်တာနက်ဖြတ်တောက်ထားခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ တော့ မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
အော်တစ်ဇင်ကျောင်းက ကလေး နှိက်စက်ခံရမှု မြောက်ဒဂုံတရားရုံးမှာ တရားစွဲတင်မယ်
ရန်ကုန်မြို့က အထူးစောင့်ရှောက်မှု လိုအပ်တဲ့ကလေးများ ပုဂ္ဂလိက လေ့ကျင့်ရေး ကျောင်းတစ်ကျောင်းမှာ စကားမပြောနိုင်တဲ့ ၁၀ နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦးကို ရိုက်နှက်နှိက်စက်မှုနဲ့ အဲဒီ့ ကျောင်းက ဆရာ နှစ်ယောက်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) တရားရုံးမှာ ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့မှာ တရားစွဲတင်မှုစတော့မယ်လို့ သိရကြောင်း ကလေးမိခင် ဒေါ်ခန့်ခန့်ဝင်းရွှေကဘီဘီစီကိုပြောပါတယ်။
' ' ဒီနေ့ကတော့ ကလေးကိုရိုက်နှက်တဲ့ ဆရာ ၂ယောက်ကို တရားရုံးမှာ စတင်မှာလို့သိရတယ်။ ကျွန်မတို့ကိုတော့မခေါ်သေးဘူး။ ထုံးစံအရ တရားလို မလိုဘူးလို့လည်း သိရတယ်။ ကျွန်မတို့ သွားဖို့လိုတဲ့ အပတ်ကျမှ တရားရုံးက စာနဲ့အကြောင်းကြားမယ်လို့ထင်ပါတယ်။''လို့ ဒေါ်ခန့်ခန့်ဝင်းရွှေကပြောပါတယ်။
ကလေးကို ရိုက်နှက်ထိုးကြိတ်မှုဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီးကျောင်းက အပြန် မျက်လုံးတစ်ဝိုက်မှာ ညိုမည်း ဒဏ်ရာ ရလာတာကြောင့် သိရှိခဲ့ပြီး နောက်တနေ့ မှာ စီစီတီဗီကို ပြန်ကြည့်ရာကနေ တွေ့ခဲ့တာလို့လည်း ကလေးရဲ့မိခင် ကပြောပြပါတယ်။
ကလေးကိုရိုက်နှက်ခဲ့သူ ဆရာ ၂ဦးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှာ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃ (က) နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။
' ' ကျွန်မကတော့ ပုဒ်မ ၁၀၃ (က)နဲ့အမှုဖွင့်ထားတာ။ တရားရုံးမှာ ဘယ်ပုဒ်မနဲ့စွဲတင်မလဲဆိုတာတော့ မသိရသေးဘူး။''လို့ ကလေးမိခင် ဒေါ်ခန့်ခန့်ဝင်းရွှေကပြောပါတယ်။
ကလေးငယ်ဟာ အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် မိခင်ကိုယ်တိုင် အလုပ်ကနေ လနဲ့ချီ ခွင့်ယူခဲ့ရပြီး ပြန်လည် ကုသပေးနေရတယ်လို့လည်း သိရပါတယ်။
အခုအမှုဖွင့်ထားတဲ့ပုဒ်မ ၁၀၃ ဟာ မသန်စွမ်းကလေးငယ်တွေကို နိုင်ထက်စီးနင်း အလွဲသုံးခြင်း၊ အကြမ်းဖက်ခြင်း တို့နဲ့စွဲဆိုတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ်ရှစ်လကနေ ၅နှစ်အထိ ကျခံရနိုင်ပါတယ်။
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးရာကျော်ရှိလာချိန် ထိုင်ဝမ်က အရုပ်ကောက်စက်တွေမှာ ဆုအဖြစ် face mask တွေပါထည့်သွင်းလာ
ဝူဟန် ကော်ရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန်ထားချိန်မှာပဲ ထိုင်ဝမ်နိုင်ငံက အရုပ်ကောက်စက်တွေမှာ face mask နဲ့ လက်သန့်ဆေးရည်ဘူးတွေကိုပါ ဆုအဖြစ် ထည့်သွင်း ထားလာပါတယ်။
ထိုင်ဝမ်နိုင်ငံရဲ့ မြို့တော် တိုင်ပေမှာရှိတဲ့ အရုပ်ကောက်စက် ၄၀ လောက်မှာ face mask နဲ့ လက်သန့်ဆေး ရည်ဘူးတွေကို ဆုအဖြစ်ထားထားတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တနင်္လာနေ့အထိ သေဆုံးသူ ၄၂၅ ဦးရှိပြီး ကူးစက်ခံထားရသူ နှစ်သောင်းကျော် ရှိနေပြီလို့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေကနေ သတင်း ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံပြင်ပက ပထမဆုံးအနေနဲ့ ဖိလစ်ပိုင်မှာ တစ်ဦး သေဆုံးခဲ့ပါတယ်။
မက္ကဆီကိုမှာ Uber အငှားယာဉ်ပေါ် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ထားသူစီးနင်းခဲ့လို့ ဝန်ဆောင်မှုကို ယာယီ ရပ်ထားခဲ့ရ
မက္ကဆီကိုမှာ အူဘာအငှားယာဉ်ပေါ် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ထားသူတစ်ဦးကို တင်ဆောင်ခဲ့တဲ့အတွက် ဝန်ဆောင်မှုကို ယာယီရပ်ထားခဲ့ရတယ်လို့သိရပါတယ်။
ရာနဲ့ချီတဲ့ အူဘာတက္ကစီ ယာဉ်မောင်းတွေကို ဗိုင်းရပ်စ် ကူးစက်ထားတာ ရှိမရှိစစ်ဆေးမှုတွေကိုလည်း လုပ်နေပြီး ၂ပတ်လောက်တော့ အူဘာတက္ကစီတွေကို စီးနင်းနိုင်ဦးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။