ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စာသင်ကာလ အငြင်းပွားမှု ပညာရေးဝန်ကြီးနဲ့ ဆွေးနွေးမှု မပြေလည်
အခြေခံပညာကျောင်းတွေမှာ စာသင်ကာလ မတ်လကုန်ထိတိုးတဲ့ကိစ္စကို ဆရာ၊ဆရာမတွေနဲ့ ဝန်ကြီးဌာန အငြင်းပွားနေတဲ့အပေါ် ဆရာများအဖွဲ့ချုပ်နဲ့ ပညာရေးဝန်ကြီးတို့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ဆွေးနွေးမှု မပြေလည်ခဲ့ပါဘူး။
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ တွေ့ဆုံရာမှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်တိုင်းဒေသကြီးတချို့က ဆရာ ဆရာမတွေ စုစုပေါင်း ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။
ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဆရာ၊ဆရာမကိုယ်စားလှယ်တွေက လက်တွေ့မြေပြင်အခက်အခဲတွေကို တင်ပြခဲ့ကြပေမဲ့ ဝန်ကြီးက မူဝါဒကို ဆရာဆရာမတွေ တောင်းဆိုတဲ့အတိုင်း ပြောင်းလဲပေးမှာ မဟုတ်ဘူးလို့ ပြောတဲ့အတွက် ဆွေးနွေးပွဲ ရလဒ်မထွက်ခဲ့ဘူးလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
အဲဒီစာသင်ကာလတိုးတဲ့အပေါ် အငြင်းပွားနေတာနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်တဲ့ ပညာရေး နှီးနှောဖလှယ်ပွဲမှာ ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသား တချို့က ဆန္ဒပြခဲ့ကြပါတယ်။
အခု ဆရာတွေမှာ အခက်အခဲ ဖြစ်ရတဲ့ အကြောင်းအရင်းက စာသင်ကာလ တိုးတာထက် စာမေးပွဲရက်ကို ပိုနောက်ကျအောင် ရွှေ့လိုက်တာကြောင့် ဖြစ်ရတယ်လို့ ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
စာမေးပွဲကာလတွေမှာ ပြည်နယ်စစ်၊တိုင်းစစ် စာဖြေစင်တာရှိတဲ့ ကျောင်းတွေကို စာဖြေစင်တာမရှိတဲ့ကျောင်းတွေက ဆရာဆရာမတွေက သွားပြီး တာဝန်ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် အဲဒီကျောင်းတွေမှာ လက်ကျန်ဆရာ၊ဆရာမ အင်အားက မလုံလောက်ဘူးလို့ ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။
ဥပမာ တောင်ငူမြို့ပေါ်က အထက်တန်းကျောင်း တစ်ကျောင်းဆိုရင် ကျောင်းသား ၇၀၀ လောက်ကို အလယ်တန်းပြ နှစ်ယောက် လောက်ပဲ ကျန်ခဲ့မှာ။ အဲဒီနှစ်ယောက်က ထိန်းထားရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။
အဲဒါအပြင် ရေရှားပါးတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့လို နေရာတွေက အခက်အခဲတွေကို တင်ပြပေမဲ့ ဝန်ကြီးက မူဝါဒအရ ဆက်လုပ်မယ်ပြောလို့ မပြေလည်ဘူးလို့လည်း ပြောပါတယ်။
နိုင်ငံတကာ စံနှုန်းတွေနဲ့ဆိုရင် တိုင်းပြည်ပညာရေး နောက်ကျနေလို့ အခုလိုဆောင်ရွက်နေတာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ဝန်ကြီးကပြောခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒါပြောတာကို ဆရာတွေဘက်က နောက်နှစ်တွေအတွက်ပါ မဟုတ်ဘဲ အခု စနစ်ဟောင်း ကျန်နေသေးတဲ့ တစ်နှစ်စာအတွက်သာ ကန့်ကွက်တောင်းဆိုတာဖြစ်တယ်လို့ ပြောဆိုပေမဲ့ ဝန်ကြီးဘက်က ပြောင်းလဲမပေးနိုင်ဘူးလို့ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် နေပြည်တော် လွှတ်တော်မှာ ပညာရေးမြှင့်တင်မှုကော်မတီနဲ့ ဆွေးနွေးစရာရှိပြီး ဆွေးနွေးမှု ရလဒ်အရ ဝန်ကြီးဌာနဘက်က သဘောထား ပြောင်းလဲကောင်းပြောင်းလဲမယ့်သဘောကို ဝန်ကြီးက ပြောခဲ့ပေမဲ့ တိတိကျကျ အာမခံခဲ့တဲ့ သဘောမဟုတ်ဘူးလို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်ကစပြီး အခြေခံပညာကျောင်းတွေရဲ့ စာသင်ချိန်ကာလကို မတ်လကုန်အထိ တိုးမြှင့်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက အသိပေးထုတ်ပြန်ထားတဲ့အပေါ် ပြန်သုံးသပ်ပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ဆရာများ အဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။
ဒါ့အပြင် မိဘတွေ စီးပွားရေး ပိုလုပ်နိုင်ဖို့ အခြေခံပညာကျောင်းတွေကို မတ်လထိ ဖွင့်ဖို့ ပညာရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ တိကျတဲ့ မူဝါဒပေါ် အခြေမခံတဲ့အပြင် ပညာရေးဝန်ထမ်းတွေနဲ့ ညှိနှိုင်းမှုမရှိဘူးဆိုပြီးလည်း ဆရာ၊ဆရာမတွေက ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။