ထိုင်းက မြန်မာ့ပြောင်းဆန်တွေကို အခွန်မဲ့ တင်သွင်းခွင့်ပြုမယ် အပါအဝင်ဇန်နဝါရီ ၂၁ ရက်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

တောင်ကြီး၊နမ့်စီးကျေးရွာအုပ်စုအချို့မှာ ခနောက်စိမ်းစက်ရုံကထွက်တဲ့ အငွေ့တွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိဖြစ်လာ

တောင်ကြီးမြို့နယ် နမ့်စီးကျေးရွာအုပ်စုထဲက နောင်လန်၊ဘုရားငါးဆူ ၊လွယ်ကောင်း ၊ညောင်ဖြူ ရွာတို့မှာ ခနောက်စိမ်းသတ္တု စက်ရုံကထွက်တဲ့အငွေ့တွေ ဇန်နဝါရီ ၁၈ ရက်ကစ ပျံ့နှံ့လာတာဟာ ရက်ပိုင်းအတွင်းမှာပိုများလာတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

'' အနံ့ကတအားဆိုးတယ်။ အနံ့ရှုရှိုက်မိတဲ့သူတွေဆို မူးအော့အန်ကုန်တယ်။ အနီးအနားက ဆိတ်ထားတဲ့ ပြောင်းဖူးတွေ ကန်စွန်းဥတွေ ပျက်စီးသွားတယ်။အနီးအနားက သစ်ပင်ကြီးတွေကအစအငွေ့ရိုက်ပြီး ခြောက်ပြီး ပျက်စီးကုန်တယ်။'' လို့ ညောင်ဖြူရွာက ဒေသခံဦးဝင်းနိုင်ကြွယ်ကပြောပြပါတယ်။

စက်ရုံကထွက်တဲ့အငွေ့တွေကြောင့် ထိခိုက်မှုရှိနေတဲ့အပေါ် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ စက်ရုံကတာဝန်ရှိသူတွေကို တင်ပြတောင်းဆိုတာတွေရှိခဲ့ပေမယ့်လည်း စက်ရုံဘက်က အရေးတယူ ပြုပြင်တာမျိုး မရှိဘူးလို့လည်း ဒေသခံတွေ ကပြောပါတယ်။

ထိုင်းက မြန်မာ့ပြောင်းဆန်တွေကို အခွန်မဲ့ တင်သွင်းခွင့်ပြုမယ်

ထိုင်းနိုင်ငံကအခုဖေဖေါ်ဝါရီလဆန်းမှာမြန်မာနိုင်ငံကပြောင်းဆံတွေကိုအခွန်မဲ့တင်သွင်းခွင့်ပေးမှာဖြစ်တဲ့အတွက်မြန်မာကုန်သည်တွေဟာ ထိုင်းနယ်စပ်ကိုပြောင်းဆံတွေအများအပြားသယ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ နှစ်စဉ်အိမ်နီးချင်းမြန်မာနိုင်ငံကပြောင်းဆံတွေကိုခွဲတမ်းနဲ့အခွန်မဲ့တင်သွင်းခွင့်ပေးခဲ့တာပါ။

အခုနှစ်မှာတော့တိုးပြီးတင်သွင်းခွင့်ပေးမယ်ဆိုတာကြောင့်ထိုင်း၊မြန်မာနယ်စပ်မြဝတီမြို့ကဂိုဒေါင်တွေမဆန့်လောက်အောင်ပြောင်းဆံတွေရောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

' ' ပြောင်းဆံတွေနယ်စပ်ကိုအများအပြားရောက်လာလို့ထိုင်းကုန်သည်တွေကလည်းဈေးမနှိမ်ပဲမျှမျှတတဖြစ်စေချင်တယ်'' လို့ မြဝတီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်ကပြောပါတယ်။

ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကပြောင်းဆံတွေကိုကုန်သွယ်ရေးအနေနဲ့တင်ပို့တဲ့စိုက်ပျိုးထွက်ကုန်အဖြစ်သတ်မှတ်ပေးလိုက်တယ်။ဒါကြောင့်၊မြန်မာပြောင်းဆံတွေထိုင်းနိုင်ငံဈေးကွက်ထဲကိုပိုပြီးတင်သွင်းလာနိုင်ပြီလို့ ထိုင်းနိုင်ငံ၊တာခ်ခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနိုင်ပရစေ့ထ်ကျင်ကစ်ရွန်းရိုသ်က ပြောပါတယ်။

'' ထိုင်းနိုင်ငံမှာပြောင်းဆံတွေကိုတိရစ္ဆာန်အစာနဲ့တခြားလူသုံးကုန်ပစည်းတွေအဖြစ်အများအပြားထုတ်လုပ်ကြတယ်။ဒါကြောင့်ထိုင်းနိုင်ငံဈေးကွက်မှာပြောင်းဆံလိုအပ်မှုတွေရှိလာတယ်။အခုလိုမြန်မာပြောင်းဆံတွေထိုင်းဖက်ကိုတင်သွင်းလာတော့၊ကုန်သွယ်ရေးချိန်ခွင်လျှာလည်းတဖြေးဖြေးညီလာမယ်''လို့ သူကပြောပါတယ်။

အရင်ထိုင်းအစိုးရတွေလက်ထက်တုံးကထိုင်းစိုက်ပျိုးရေးသမားတွေမနစ်နာရအောင်ဆိုပြီးပြောင်းဆံတွေကိုဘရာဇီးနိုင်ငံကတင်သွင်းခဲ့ပြီးထိုင်းနိုင်ငံကိုရောက်တော့ပြောင်းဆန်တွေဈေးမြင့်သွားခဲ့ပါတယ်။

အခုထိုင်းအစိုးရလက်ထက်မှာတော့ထိုင်းကထွက်ကုန်ကလည်းပြည်တွင်းမှာသုံးဖို့ လုံလောက်မှုမရှိတဲ့ အတွက်အိမ်နီးချင်းကိုအားပေးမယ်ဆိုပြီးအခုလိုမြန်မာပြောင်းဆန်တွေကိုတင်သွင်းခွင့်ကိုတိုးပေးလိုက်တာလို့သိရပါတယ်။

ကော်ရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ မြို့ကြီး ၃ခုထိ ကူးစက်ပျံ့နှံ့

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတွေ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်တိုးလာနေသလို တရုတ်နိုင်ငံရဲ့မြို့ကြီး၃ခုအထိ ကူးစက်ပျံ့နှံ့လာပြီဖြစ်ပါတယ်။

ဝူဟန်မြို့ကနေ စလိုက်တဲ့အဆိုပါရောဂါပိုးသစ်ဟာ ကူးစက်ခံရသူအရေအတွက် ၂၀၀ ကျော်ရှိလာသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ ကူးစက်ပျံ့နှံ့လာပြီဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ ရောဂါပိုးကူးစက်ခံထားရသူတွေတွေ့နေရပြီဖြစ်ပါတယ်။

ပြင်းထန်အဆုတ်ရောဂါပိုးတစ်မျိုးဖြစ်တဲ့ ကော်ရိုနာဗိုင်းရပ်စ်သစ်ဟာ လူတစ်ဦးကနေတစ်ဦးကိုကူးစက်စေနိုင်တယ်လို့လည်း တရုတ်နိုင်ငံကစစ်ဆေးတွေ့ရှိချက်တွေအရ အတည်ပြုထားပါတယ်။

ဒါ့အပြင် လူနာတွေကို ပြုစုကုသနေတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရ တယ်လို့ တွေ့ရှိခဲ့ကြောင့် တရုတ်နိုင်ငံပိုင်မီဒီယာတွေကနေ အတည်ပြုထုတ်ပြန်ထားပါတယ်။

စစ်ပွဲအတွင်း လူ ၂သောင်းကျော် ပျောက်ဆုံးခဲ့ရကြောင်း သီရိလင်္ကာ သမ္မတ ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆို

သီရိလင်္ကာသမ္မတ ဟာ ပြီးဆုံးသွားပြီဖြစ်တဲ့ ပြည်တွင်းစစ်ပွဲအတွင်း လူ ၂သောင်းထက်မနည်း ပျောက်ဆုံးခဲ့မှုအတွက်ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြို့တော်ကိုလံဘိုမှာ ယူအန် သံတမန်တစ်ဦးနဲ့တွေ့ဆုံခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ အခုလိုထုတ်ဖော် ပြောဆိုခဲ့တာပါ။

ပျောက်ဆုံးနေတဲ့သူတွေကို သေဆုံးကြောင်းထောက်ခံချက်တွေ ထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးသွားမယ်လို့ သမ္မတရုံးက ကြေညာချက်ထုတ်ထားပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ ရာနဲ့ချီတဲ့ မိသားစုတွေဟာ သူတို့ချစ်ခင်ရတဲ့မိသားစုဝင်တွေ ဘယ်နေရာမှာလည်း ဆိုတာကို သိချင်နေကြပါတယ်။