ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်ဖြူစီမံကိန်းကြောင့် မြေနဲ့အလုပ်အကိုင်ဆုံးရှုံးမှာ ဒေသခံတွေ စိုးရိမ်
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာခရီးစဉ်မှာ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် စီမံကိန်းတချို့အတွက် နှစ်နိုင်ငံလက်မှတ်ထိုးကြမှာ ဖြစ်လို့ ဒေသခံတွေစိုးရိမ်နေတဲ့ ကျောက်ဖြူစီမံကိန်း လက်မှတ်ရေးထိုးတာကို ရပ်ထားဖို့ ကျောက်ဖြူဇုန် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွေ လက်မှတ်ထိုးမယ့် အစီအစဉ်ကို ရပ်တန့်ထားဖို့ ကျောက်ဖြူ အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်တောင်းဆိုတာ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်က စတင်တည်ဆောက်ခဲ့တဲ့ တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ Shwe Gas စီမံကိန်းအတွင်းမှာ မြေယာသိမ်းဆည်းခံလိုက်ရတဲ့ ဒေသခံတွေဟာ လျော်ကြေးငွေ ပြည့်ပြည့်ဝဝ မရရှိကြသလို ဒေသခံတချို့တရားစွဲခံရတာတွေ၊ ပြစ်ဒဏ်ချမှတ်ခံရတာတွေ ကြုံတွေ့ခဲ့ကြပါတယ်။
ကျောက်ဖြူ စီမံကိန်းသာ အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေ အကျိုးအမြတ် ခံစားခွင့် မရှိနိုင်သလို ပါဝင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့် ရရှိလာမှာမဟုတ်ဘူးလို့ အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။
"တရုတ်သမ္မတအနေနဲ့လည်း အိမ်နီးချင်းကောင်းပီသစွာနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး၊ မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ထွန်းလာရေးကိစ္စမှာပဲ ဦးစားပေးသင့်တယ်လို့ မြင်တယ်။ အခုအချိန်ခါကျတော့ မတည်မငြိမ်တဲ့ကာလမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို လက်မှတ်ထိုးလိုက်သောအားဖြင့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးတယ်လို့ ပြောလို့ရတယ်"လို့ ဦးထွန်းကြည်က ပြောပါတယ်။
အကျိုးအမြတ်အတွက် ကြိုတင်တွက်ဆပြီး မြေယာဝယ်ယူထားသူ ငွေကြေးချမ်းသာသူတွေနဲ့ သက်ဆိုင်ရာဌာနတချို့နဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့ မြေတွေကို ရယူထားသူတချို့ကတော့ ဒီစီမံကိန်းကိုထောက်ခံတယ်လို့ ဒေသခံတချို့က စွပ်စွဲပြောဆိုတာတွေလည်း ရှိနေပါတယ်။
၂၀ ရက်နေ့မှာလည်း အဲ့ဒီစီမံကိန်းကို ထောက်ခံသူတွေက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာကို ထောက်ခံတဲ့ အခမ်းအနားတစ်ခု ကျောက်ဖြူမြို့မှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း ကျောက်ဖြူဒေသခံတွေအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို အာရုံစိုက်ပြီး စဉ်းစားပေးစေချင်တယ်လို့ ပြောပါတယ်။
အဲ့ဒီရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းကို မူလက ၇ ဘီလီယံကျော် အကုန်ကျခံသုံးစွဲဖို့အတွက် ယေဘုယျသဘောတူညီချက်တွေရှိခဲ့ပေမယ့် အခု NLD အစိုးရလက်ထက်မှာတော့ ၁ ဒသမ ၂ ဘီလီယံသာ ရင်းနှီးမြှုပ်နှံတော့မယ်လို့ သိရပါတယ်။
"တရုတ်သမ္မတကိုလည်းကျွန်တော်တို့က ပြောနိုင်တဲ့အနေအထားမှမဟုတ်တာ။ ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေက အမှန်တကယ် ရခိုင်ပြည်သူတွေနဲ့ ကျောက်ဖြူဒေသခံတွေ လက်တွေ့ကျကျ အကျိုးခံစားနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို စဉ်းစားပြီးတော့လုပ်ပါလို့ပဲ ပြောချင်တယ်"လို့ ရခိုင်အများပိုင်ကုမ္ပဏီ REIC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာလည်း စီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေအပေါ် ပွင့်လင်းမြင်သာစွာချပြဖို့နဲ့ မြေယာကိစ္စတွေကို တိတိကျကျပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းကိစ္စလက်မှတ်မရေးထိုးမီ စစ်ရေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေခသံပြည်သူ တစ်သိန်းကျော် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် (ကိုဖီအာနန်) အစီရင်ခံစာပါ အကြံပြုချက်တွေကိုလည်း လိုက်နာဆောင်ရွက်တာ မတွေ့ရသေးကြောင်းနဲ့ အဲ့ဒီအကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။
"ရှေ့ကလည်း ရေနံနဲ့ ဂက်စ်ပိုက်လိုင်းတွေ အများကြီးရှိခဲ့ပြီးပြီ။ သူတို့စီမံကိန်းတွေ။ အနည်းဆုံးကတော့ မဒေးကျွန်းလိုနေရာမှာ ရွာလေးရွာလောက်ကိုတောင် ကောင်းကောင်းမလုပ်ပေးတဲ့အနေအထားမျိုးတွေ့ရတယ်။ ဒီပိုက်လိုင်းသွယ်တန်းတုန်းကလည်း မြေယာလျော်ကြေးတွေက သူတို့ထင်ထားသလောက် မတွေ့ရဘူး။ အခုထက်ထိ အရှုပ်အရှင်းတွေက မပြီးသေးဘူး။ နောက်စီမံကိန်းတွေလည်း ဒီတိုင်းပဲလို့"လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးခိုင်ဦးကပြောပါတယ်။
အဲ့ဒီစီမံကိန်းနဲ့ပတ်သက်လို့ လက်မှတ်ရေးထိုးတာဟာ စောနေသေးလို့ အခုလိုမျိုးလက်မှတ်ရေးထိုး လိုက်ခြင်းအားဖြင့်လည်း ကျောက်ဖြူနဲ့ ရခိုင်ဒေသခံပြည်သူတွေအတွက် စိန်ခေါ်မှုတွေ ပိုမိုကြီးထွားလာမှာဖြစ်တယ်လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။
"စီမံကိန်းကြီးတွေကြောင့် ဒေသဖွံ့ဖြိုးလာမယ်ဆိုတာ ပြည်သူကို အာမခံချက်ပေးထားတဲ့ ဥပဒေတွေ ရှိနေဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ ရခိုင်ပြည်နယ်ကထွက်တဲ့ ဂက်စ်တွေရှိတယ်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးတော့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေကို တရုတ်ကို တင်ပို့နေတာရှိတယ်။ ဒီအပေါ်မှာ ရခိုင်လူထုရဲ့ ခံစားပိုင်ခွင့်ဘယ်လောက်ရှိပြီလဲ၊ ဘယ်လောက်ရပြီလဲ။ ကျွန်တော်သိသလောက် တစ်ပြားမှာမရသေးဘူး။ ဒါက သေချာတယ်။ ကျွန်တော်တို့ ရခိုင်လူထုအတွက် ဖွံ့ဖြိုးလာမယ့် စီမံကိန်းတော့မဖြစ်ဘူး"လို့ ဦးထွန်းကြည်က ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မြေယာလျာထားမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပေမယ့် ဒေသခံတွေကို ရှင်းလင်းထားတာမျိုး မရှိသေးလို့ မြေယာသိမ်းဆည်းခံရမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေပါတယ်။
ဒါ့အပြင် ရေနက်ဆိပ်ကမ်းနဲ့ နီးစပ်တဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့လည်း သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ဖယ်ရှားခံကြရမှာကို စိုးရိမ်နေပါတယ်။
ကျောက်ဖြူဒေသက ယခင်တရုတ်စီမံကိန်းကြီးတွေဖြစ်တဲ့ ရွှေသဘာဝဓါတ်ငွေစီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေမှာ ပြည်ပကဝင်ရောက်လာခဲ့တဲ့ ရေနံတင်သင်္ဘောကြီးတွေ သွားလာနိုင်ရေးအတွက် နိုင်ငံတကာ ရေလမ်းကြောင်းအဖြစ် သတ်မှတ်လိုက်ချိန်မှာ အဲ့ဒီမြစ်ကြောင်းတွေ၊ ပင်လယ်ပြင်တွေအတွင်းမှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေကြတဲ့ ဒေသခံတွေဟာ ငါးဖမ်းဆီးခွင့်မရရှိကြတော့ဘဲ သူတို့ရဲ့လုပ်ငန်းတွေကိုပါ စွန့်လွှတ်ခဲ့ကြရတာတွေလည်း ရှိနေပါတယ်။