တရုတ်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

(၁) တရုတ်သမ္မတ ဒီကနေ့ရောက်မယ်

တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင် ဒီကနေ ဇန်နဝါရီ ၁၇ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်ပြီး ၂ ရက်ကြာ နေထိုင်ဖို့ ရှိပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်က သမ္မတ ကျန်ဇီမင်း လာခဲ့ပြီးတဲ့နောက် မြန်မာပြည်ကို ပထမဆုံး ရောက်ရှိလာတဲ့ တရုတ်သမ္မတ ဖြစ်ပါတယ်။

သမ္မတ ရှီဟာ ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပြီး ညနေ ၄ နာရီခွဲလောက်မှာ နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့ကြိုဆိုပြီး ၂ နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မနက်မှာတော့ သမ္မအိမ်တော်မှာ တရုတ်သမ္မတဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နိုင်ငံအရေးဆွေးနွေးဖို့ရှိပြီး နားလည်မှုစာချွန်လွှာတချို့လည်း လက်မှတ်ထိုးဖို့ ရှိနေပါတယ်။

အဲ့ဒီနောက်တော့ တရုတ်သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးနှစ် ၇၀ ပြည့်အခမ်းအနားကိုလည်း သမ္မတရှီ တက်ရောက်ဖို့ ရှိသလို ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။

သမ္မတရှီနဲ့ တွေ့ဖို့ တိုင်းရင်းသားပါတီတချို့ အပါအဝင် ပါတီ ၂၀ က ခေါင်းဆောင်တွေကို တွေ့ဖို့ တရုတ်သံရုံးက ဖိတ်ကြားလာခဲ့တာလို့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

ပါတီခေါင်းဆောင်တွေကို တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲတွေက နေ့လယ်စာစားဖို့ ဖိတ်ကြားထားတယ်လို့လည်း ဦးသာထွန်းလှက ပြောပါတယ်။

တွေ့ဆုံရမယ့်အထဲမှာပါတဲ့ ကချင်ပြည်သူ့ပါတီ ကိုယ်စားပြု တက်ရောက်ဖို့ရှိတဲ့ ဒေါက်တာတူးဂျာကလည်း သမ္မတရှီနဲ့ တွေ့တဲ့အခါမှာ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဖို့ကို တင်ပြသွားဖို့ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

(၂) ကော့သောင်းရေပြင်မှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို လှဖိုးခေါင်စခန်းကိုပို့

တနင်္သာရီတိုင်းထဲက ကော့သောင်းရေပြင်မှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာ ၁၇၂ ဦးကို မောင်တောကို ပို့ဆောင်ထားပြီး အဲ့ဒီထဲက ၂၉ ဦးကိုတော့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး ကော်မတီ UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံရေးစခန်း လှဖိုးခေါင်ကို ပို့ဆောင်ထားလိုက်ပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ၁၇၂ ဦးထဲက ၁၇ ဦးကတော့ စစ်တွေဒုက္ခသည်စခန်းက ဖြစ်လို့ သူတို့တွေကို စစ်တွေမှာ လက်ခံထားပါတယ်။

ကျန်တဲ့သူတွေကိုတော့ ဒီနိုင်ငံမှာ နေထိုင်ခဲ့ဖူးတာ ရှိမရှိ ဒီလ ၁၅ ရက်နေ့ကတည်းက စစ်ဆေးနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

စစ်ဆေးမှုမှာ ဒီနိုင်ငံမှာ နေခဲ့ဖူးတဲ့ အထောက်အထားမှန်ရင်တော့ နိုင်ငံသား စစ်ဆေးမှု သက်သေခံ NVC ကဒ်ပြားတွေ ထုတ်ပေးသွားမယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

ဒီရိုဟင်ဂျာတွေဟာ မလေးရှားကို လှေစီးပြီး သွားဖို့ကြိုးစားကြတာ ဖြစ်ပြီး သူတို့ကို ခေါ်ဆောင်ခဲ့တဲ့ ပွဲစားတွေကိုတော့ ပုဒ်မတွေဖွင့်ပြီး ကော့သောင်းရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။

(၃) သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်မှုတွေ တရားဝင်စတော့မယ်

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အပေါ် စွပ်စွဲပြစ်တင်ဖို့ စွဲချက်တွေကို အထက်လွှတ်တော်က ဇန်နဝါရီ ၁၆ ရက်နေ့မှာ တရားဝင်လက်ခံလိုက်ပြီ ဖြစ်လို့ ကြားနာစစ်ဆေးမှုတွေက တရားဝင်စတော့မှာ ဖြစ်ပါတယ်။

ဒီစွပ်စွဲ ပြစ်တင်မှုတွေကို အမေရိကန်အထက်လွှတ်တော်မှာ တရားဝင် ဖတ်ပြပြီးတဲ့နောက် စစ်ဆေးမယ့် တရားသူကြီးက ကျမ်းကျိန်ခဲ့ပါတယ်။

တရားခွင်မှာ တရားသူကြီးချုပ် ဂျွန်ရောဘတ်က စစ်ဆေးမှာဖြစ်ပြီး အထက်လွှတ်တော်အမတ်တချို့ကလည်း ဂျူရီလူကြီးတွေအဖြစ် ကျမ်းကျိန်ခဲ့ကြပါတယ်။

ဘယ်သမ္မတကမှ ဒီလောက်စုံစမ်း စစ်ဆေးခံရတဲ့ စွပ်စွဲပြစ်တင်မှုမျိုးနဲ့ မကြုံခဲ့ဘူးလို့လည်း တရားစွဲအရာရှိ အဒမ်ရှစ်ဖ်က ပြောပါတယ်။

ထရမ့်ရဲ့ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုက်ဒန်ကို စုံစမ်းဖို့ ယူကရိန်းအစိုးရကို ဖိအားပေးခဲ့တယ်ဆိုပြီး စွပ်စွဲထားတာ ဖြစ်ပါတယ်။

သမ္မတထရမ့်ကတော့ ဒီစွပ်စွဲမှုတွေအားလုံးက လုံး၀ အလိမ်အညာတွေ ဖြစ်တယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

သမ္မတထရမ့်အပေါ် တရားစွဲဆိုရေး စုံစမ်းစစ်ဆေးမှုကို ၂၀၁၉ စက်တင်ဘာလတုန်းက အောက်လွှတ်တော်က စတင်ခဲ့ပြီး ဒီဇင်ဘာလလယ်လောက်မှာတော့ သမ္မတကို တရားစွဲဆိုဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အခု အထက်လွှတ်တော်က စစ်ဆေးမှုမှာတော့ သမ္မတမှာ အပြစ်ရှိတယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးထွက်လာဖို့အတွက် အထက်လွှတ်တော်အမတ်တွေထဲက ၃ ပုံ ၂ ပုံရဲ့ ထောက်ခံမဲတွေ လိုပါတယ်။