ကျောင်းဆရာတစ်ဦးအပါအဝင် ပလက်ဝမှာ အေအေဖမ်းသွားတဲ့ သူ ၃ဦးစလုံး သေဆုံးလျက် ပြန်တွေ့

ရေးသားခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက ဆီးဖလောင်းကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးအာဗေလ (၅၅ နှစ်) နဲ့ အခြားရွာက ရွာသား ၂ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းခေါ် သွားပြီးနောက် အဆိုပါ ၃ဦးစလုံးကို ဇန်နဝါရီ ၁၀ ရက်နေ့မှာတောထဲကနေ သေဆုံးလျက် ပြန်လည် တွေ့ရှိ ခဲ့ရတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြကဘီဘီစီကို ပြောပါ တယ်။

ကျောင်းဆရာ ဦးအာဗေလဟာ ဆီးဖလောင်းကျေးရွာမှာနေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့ညနေ ၄နာရီ ဝန်းကျင်က ကြဝရွာကို ထွက်သွားပြီးနောက် အဆိုပါကျေးရွာက ရွာသား ၂ဦးနဲ့အတူ အေအေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရတာဖြစ်တယ်လို့ ဦးအောဗေလ ရဲ့ မိသားစုနဲ့ နီးစပ်သူတချို့ကပြောပါ တယ်။

''အဲနေ့က သူကကိစ္စလေးနည်းနည်းရှိလို့ဆိုပြီး ကြဝကို ဆင်းသွားတယ်။ ဒါပေမယ့် ညသန်းခေါင်အထိ ပြန်မလာဘူး။ နောက်နေ့မနက် သူ့အမျိုးသမီးက အဲရွာကိုလိုက်သွားတော့တစ်ရွာလုံးက အစည်းအဝေး လုပ်နေတာတွေ့ရတယ်။ အဲ့မှာသူ့အမျိုးသမီးကိုတွေ့တော့ ဆွေးနွေးနေတဲ့ရွာသားတွေက သူ့အမျိုးသမီးကို တွေ့တော့ ညက ဆရာကြီးနဲ့အတူ ရွာသား ၂ယောက်ပါဖမ်းခံလိုက်ရတယ်လို့ ပြောတယ်။ အဲဒီနေ့ကတည်း ကအဆက်အသွယ်မရတော့တာပဲ''လို့ ဦးအောဗေလရဲ့မိသားစုနီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဆိုပါပျောက်ဆုံးနေသူ ၃ဦးကို လိုက်ရှာရမှာ တောထဲကနေ ၃ ဦးစလုံးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ ရတယ်လို့ ဦးစောမြကပြောပါတယ်။

' ' တစ်နေရာစီမှာတွေ့တာ အလောင်းတွေက၊ အခုတော့ ပလက်ဝကို ပြန်သယ်လာဖို့ လုပ်နေတယ်လို့ သိရတယ်'' လို့ သူကဆက်ပြောပြပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကျီးလေကျေးရွာက ရွာသား ၁၃၀ ကျော်ကို အေအေကဖမ်းဆီးခေါ်ဆောင်သွားပြီးကျန်ရွာသူရွာသားတွေကိုလည်း အပြင်ပေးမထွက်ပဲ ထိန်းသိမ်းထားတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြက ပြောပါတယ်။

'' သူတို့ရွာကိုရောက်နေတာတော့ တစ်ပတ်လောက်ရှိပြီ။ ရွာထဲက အမျိုးသမီးငယ်တစ်ယောက်ကို မုဒိမ်းကျင့်ဖို့လုပ်လို့ ရွာလူကြီးတွေတားရာက လူကြီးတွေလည်းအရိုက်ခံရတယ်။ ပြီးတော့ ရွာသား ၁၃၀ လောက်ကိုလည်း စားနပ်ရိက္ခာထမ်းဖို့ခေါ်သွားတယ်လို့သိရတယ်။ ရွာထဲကလူတွေကိုအပြင်ပေး မထွက်တော့ အခြေအနေက ဘယ်လိုရှိတယ် သေချာမသိရဘူးဖြစ်နေတယ်။ ရွာကနေ ဖြတ်သွား တဲ့သူတွေပြောတဲ့အခြေအနေအရပဲသိရတယ်။''လို့ ဦးစောမြကပြောပါတယ်။

လတ်တလောဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

'' အခုကတစ်ရွာလုံးက ကြောက်ပြီးတုန်နေရတဲ့အဆင့်ဖြစ်နေပြီ။ ဘယ်သူလက်ချက်လဲဆိုတာတောင် မပြောရဲဘူး။ ဆီးဖလောင်းရွာက လူ ၅ယောက် ၆ယောက်လောက်ကိုလည်း ဖမ်းမယ်လို့ ကြားနေရတော့ မနေရဲကြတော့ဘူး။ ထွက်ပြေးနေကြတယ်။''လို့သူကပြောပြပါတယ်။

အလားတူ ပလက်ဝမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးတောင်ပိုင်ကိုလည်း အေအေ အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အေအေ ပြောခွင့်ရ ခိုင်သုခကတော့ ကျီလေရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်တာ မရှိသလို ရွာသူကိုလည်း အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်ဆိုတာတွေဟာ မဟုတ်မှန်ကြောင်းငြင်းဆိုပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို အေအေတပ်က ပြုလုပ်ပါက သက်သေအခိုင်အမာနဲ့ အေအေရခိုင်တပ်ဖွဲ့ကို တိုင်ကြားနိုင်တယ်လို့ ခိုင်သုခက ပြောခဲ့ပါတယ်။