တရုတ်သမ္မတရဲ့ခရီးစဉ်အပေါ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ သဘောထား ဘယ်လိုရှိသလဲ

ရေးသားခဲ့သည်။

မြန်မာတရုတ် သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်တာ လာရောက်မယ်လို့ နှစ်နိုင်ငံအစိုးရက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ အတည်ပြုလိုက်ပါပြီ။

ဒီခရီးစဉ်ဟာ တရုတ်သမ္မတရဲ့ ၂၀၂၀ အတွင်း ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပြီး မြန်မာ အတွက် အလွန်အရေးပါတယ်လို့ မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ရဲ့ ၂၀၀၁ ခုနှစ် မြန်မာပြည် ခရီးစဉ်နောက်ပိုင်း ဒါဟာ တရုတ် သမ္မတ တစ်ဦးရဲ့ ၁၉ နှစ်အတွင်း ပထမဆုံး မြန်မာပြည်ခရီးစဉ်လည်း ဖြစ်ပါတယ်။

"နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အပြန်အလှန်ခရီးစဉ်ဆိုတာ ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးအပေါ်မှာ ဘယ်လောက်အလေးထားတယ်ဆိုတာလည်း ပြသရာရောက်ပါတယ်။ ကျွန်တော်တို့အတွက် အင်မတန်မှ လည်းအရေးကြီးပါတယ်။ ခရီးစဉ်အတွင်း စာချုပ်စာတမ်းတွေ လက်မှတ်ထိုးဖို့ရှိပါတယ်။ အသေးစိတ်ကို ဘာမှပြောလို့မရသေးပါဘူး။ တရုတ်နဲ့က ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးရှိ တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာတရုတ်ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ်ကိုလည်း မိတ်ဆက်ဖို့ရှိပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

တချို့ကလည်း တရုတ်သမ္မတခရီးစဉ်ဟာ အိုင်စီဂျေတရားရုံးက အမိန့်မချခင် မြန်မာကိုလာရောက်အေားပေးတဲ့ခရီးစဉ်ပဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ တချို့ကတော့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအရှိန်အဟုန်မြှင့်နိုင်ဖို့လာတဲ့ခရီးစဉ်ဖြစ်တယ် လို့ယူဆကြပါတယ်။

တရုတ်နိုင်ငံနယ်စပ်ဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း မဟာမိတ်လက် နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက် ရေးအဖွဲ့ KIA ၊ ကိုးကန့်အဖွဲ့ MNDAA ၊ တအားန် ပလောင် အဖွဲ့ TNLA နဲ့ ရခိုင့်တပ်တော် အေအေတို့ အခြေစိုက် လှုပ်ရှားနေပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထူးသဖြင့် အထက်ပါမြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ တရုတ်နိုင်ငံဟာ အဓိကကျတဲ့ ကြားဝင်စေ့စပ်ပေးတဲ့နေရာမှာ ရှိနေပါတယ်။

တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ကြား တွေ့ဆုံ ဆွေး နွေးပွဲ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လနောက်ဆုံးပတ်မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားပါတယ်။

တရုတ်နိုင်ငံအတွက် အရှေ့တောင်အာရှကနေ ဥရောပအထိကို ပေါက်ရောက်မယ့် ခေတ်သစ်ပိုးလမ်း မစီမံကိန်းမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အင်မတန်အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။

အထူးသဖြင့် အဲဒီလမ်းကြောင်းဖြတ်သန်းဖောက်လုပ်ရာ တရုတ်ဘက်ကနေ မြန်မာပြည်ထဲ ဝင်ရမယ့် လမ်းကြောင်းမှာ အထက်ပါ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေက နေရာယူထားတာဖြစ်ပါတယ်။

ဒီတော့ အဲဒီအဖွဲ့တွေနဲ့ ညှိနှိုင်းရေးအပါအဝင် မြန်မာတရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးဟာ တရုတ်အတွက် အင်မတန် အရေးပါ လာပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်လုံး တရုတ်အထူးသံတမန် ဆွန်ကော့ရှန်းဟာ မြန်မာ ပြည်တွင်းကို ခြောက်ကြိမ်ထက်မနည်း လာရောက်ခဲ့ သလို မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နယ်စပ်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ နိုင်ငံဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် တရုတ်က ဆောင်ရွက်မယ့် ပိုးလမ်းမအပါအဝင် မြောက်ပိုင်းအဖွဲ့တွေနေရာယူထားတဲ့ဒေသတွေ ကို ဖြတ်သန်းအကောင်အထည်ဖော်ရမယ့် စီမံကိန်းတွေနဲ့ပတ်သက်လို့ ခေါင်းဆောင်ပိုင်းချင်း ညှိနှိုင်း ပြောကြားတာမျိုး ရှိနိုင်ပြီး တရုတ်ရဲ့စီမံကိန်းတွေအပေါ် မြောက်ပိုင်းအဖွဲ့ တွေနဲ့သဘာထား နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက

"ပိုးလမ်းကြောင်းကိစ္စက လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာတော့ သက်ဆိုင်ရာအစိုးရတွေရော၊ နောက်ပြီးတော့ ဒီ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေရော လက်တွေ့ပိုင်းအရ ညှိပြီးမှ လုပ်ရမှာဖြစ်ပါတယ်။ မူအားဖြင့်ကတော့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ ဒါပေမဲ့လက်တွေ့ပိုင်းမှာ ဘယ်လို လုပ်မလဲ။ ဘယ်နေရာ မှာ ဘာလုပ်မလဲ ဒါကတော့ သက်ဆိုင်ရာမြောက်ပိုင်းမဟာမိတ်တစ်ဖွဲ့ချင်းစီနဲ့ ညှိပြီးတော့လုပ်ရမယ်လို့ ကျွန်တော်က အဲဒီလိုပဲပြောလိုပါတယ်" လို့ သူက ပြောပါတယ်။

ပိုးလမ်းမစီမံကိန်း(One Belt One Road) ဟာ တရုတ်ရဲ့ကမ္ဘာပတ်လမ်းကြောင်းဆိုင်ရာအခြေခံအဆောက်အအုံစီမံကိန်းဖြစ်ပြီး ရထားလမ်းတွေ၊ ကားလမ်းတွေအဓိက ဖောက်လုပ်မယ့်စီမံကိန်းကြီးဖြစ်ပါတယ်။ တရုတ်ကနေအရှေ့တောင်အာရှကိုဖြတ်လို့ ဥရောပထိ ပေါက်ရောက်မှာဖြစ်ပြီး ဒီလမ်းကြောင်းမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလည်း ပါဝင်ပါတယ်။

ဒီရေနက်စီမံကိန်းသာ အကောင်အထည်ပေါ်လာမယ်ဆိုရင် တရုတ်ရဲ့ကုန်သွယ်ရေးလမ်းကြောင်းက ပိုမိုမြန်ဆက်သွက်လက်မှာဖြစ်ပြီး မြန်မာနိုင်ငံ အတွက်လည်း အဓိက အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာအကျိုးအမြတ်တွေရရှိနိုင်မှာဖြစ်ပါတယ်။

တရုတ်သမ္မတရဲ့ယခု ခရီးစဉ်အတွင်း ကျောက်ဖြူရေနက်စီမံကိန်းဒုတိယအဆင့် စာချုပ်အပါအဝင် နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေး ထိုးဖို့ရှိ တယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောကြားထားတာပါ။

ဒါပေမဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ဆွေးနွေးမှုရှိမရှိကိုတော့ အတည်ပြုပြောကြားတာမရှိသေးပါဘူး။

လက်ရှိမှာ ကျောက်ဖြူရေနက်စီမံကိန်းရှိတဲ့ ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကျောက်ဖြူနားထိ တိုက်ပွဲတွေ မရောက်ရှိသေးပေမယ့် ရခိုင်ပြည်နယ် မြို့ တော်စစ်တွေ အနီးထိ တိုက်ပွဲတွေ ကျယ်ပြန့်ရောက်ရှိနေတာဖြစ်ပါတယ်။

ရခိုင်မှာ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကုလားတန်မြစ်စီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်သုံး ရေယာဉ်တွေ တိုက်ပွဲအတွင်း ကြား ပစ်ခတ်ခံရတာမျိုးရှိပါတယ်။ ဒါပေမဲ့ ဒါဟာ တပ်မတော်ဘက်က စစ်ကြောင်းရေယာဉ်အသွင်နဲ့ ခြံရံပြီး မြစ်ကြောင်းအတွင်း သွားတာမျိုးမို့ ပစ်ခတ် တာသာဖြစ်ပြီး ကုလားတန်မြစ်စီမံကိန်းကို အနှောင့်အယှက်ပေးနေတာမဟုတ်ဘူးလို့ ရခိုင့်တပ်မတော် အေအေ ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ပလက်ဝနဲ့ ကျော်တော်ကြား ဒီစီမံကိန်းအတွက်သွားလာနေတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ ချင်းတိုင်းရင်းသား လွှတ်တော်အမတ် ဦးဝှေ့တင်း တို့ပါတဲ့စက်လှေကို အေအေ က ဖမ်းဆီးခဲ့တဲ့နောက် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးခဲ့ပါတယ်။ ကျန်သူတွေကိုပြန် လွှတ်ပေးခဲ့ပေမယ့် ဦးဝှေ့တင်းကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲပါ။

ဒါနဲ့ပတ်သက်လို့ အိန္ဒိယသမုဒ္ဒရာရဲ့ ထွက်ပေါက်လိုဖြစ်နေတဲ့ မြန်မာမှာ တရုတ်နဲ့ အိန္ဒိယက စီမံကိန်းကြီး တွေ လက်ဦးမှုရယူပြီး စီးပွားရေး အားသာ ချက်ယူဖို့ ဆောင်ရွက်တဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက် အာသာရအောင် နိုင်ငံရေးကစားနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြား ထားတာရှိပါတယ်။

တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နေရာအပါအဝင် တရုတ်စီမံကိန်းတွေရှိတဲ့ နေရာ တစ်ဝိုက် မှာတော့ တိုက်ပွဲတွေ ရှောင်ရှားပြီး ဖြစ်လေ့ ရှိတယ်လို့ ထောက်ပြတာတွေလည်းရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ အေအေပြောခွင့်ရ ခိုင်သုခက

"တရုတ်အစိုးရဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း နားလည်မှု အပြည့်အဝရှိတယ်။ အစိုးရဘက်နဲ့လည်း နားလည်မှု အပြည့်အဝရှိတယ်။ တစ်ဖက်နဲ့တစ်ဖက်အမြဲတမ်း ဆက်စပ်မှုရှိနေတော့ဘာမှပြဿနာမရှိဘူးလို့ ကျွန်တော်တို့က အဲဒီလိုပဲထင်တယ်ဗျ။ ဒါ ကတော့(တရုတ် စီမံကိန်း ရှိတဲ့နေရာတွေကို ရှောင်ပြီးတိုက်ပွဲဖြစ်တာလားဆိုတာက) နားလည်မှုရှိတဲ့နေရာမှာတော့အကောင်းဆုံးတော့ စီမံထားတာပဲဗျ" လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးဝင်ရောက်စေ့စပ်ပေးမှုကို ကြိုဆိုပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေက အဓိက ပြဿနာမဟုတ်ဘဲ တပ်မတော်ရဲ့ သဘောထားကို ဘယ် လောက် အပြောင်းအလဲလုပ်နိုင်မလဲဆိုတာက အဓိကကျတယ်လို့ သူက ဆက်ပြောပါတယ်။

တရုတ်သမ္မတ ရှီဂျင်းပင်ရဲ့ ဒီခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးသန့်တွေ့ဆုံဖို့ရှိနေပါတယ်။