လေယာဉ် black box ကို ဘိုရင်းနဲ့ အမေရိကန်ကို မလွှဲပေးဘူးလို့ အီရန်ပြော အပါအဝင်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ပျက်ကျတဲ့လေယာဉ် ဘလက်လောက်ကို ဘိုရင်းနဲ့ အမေရိကန်ကို မလွှဲပေးဘူးလို့ အီရန်ပြော

ပျက်ကျခဲ့တဲ့ ယူကရိန်းလေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်း တင်ထားတဲ့စက် (black box) ကို လွှဲပေးမှာ မဟုတ်ဘူးလို့ အီရန်ဘက်က ပြောပါတယ်။

အီရန်မြို့တော် တီဟီရန်ကနေ ပျံတက်ပြီး ၂မိနစ်ကျော်ကြာပြီးချိန်မှာပဲ ခရီးသည် ၁၈၀ ပါလာတဲ့ ဘိုရင်း ၇၃၇-၈၀၀ လေယာဉ်ဟာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပျက်ကျရာမှာလဲ အသက်ရှင်သူတဦး တယောက်မှ မရှိခဲ့ပါဘူး။

ကမ္ဘာ့လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းတွေအရ အီရန်က အဲဒီဖြစ်ရပ်ကို ဦးဆောင်ပြီး စုံစမ်းနိုင်ပါတယ်။

ဒါပေမယ့်လည်း ထုတ်လုပ်ထားကြတဲ့ တက်ကျွမ်းနားလည်သူတွေ၊ အခြားနိုင်ငံကသူတွေအနေနဲ့လည်း အဲဒီဘလက်ဘောက်ကို စစ်ဆေးတဲ့နေရာမှာ ပါဝင်နိုင်ပါတယ်။

အမေရိကန်နဲ့ အီရန်အကြားစစ်ရေးတင်းမာမှုတွေရှိတဲ့အချိန် နောက်ပြီး အီရန်က အမေရိကန်စစ်အခြေစိုက် စခန်းတွေကို ပဲ့ထိန်းဒုံးတွေနဲ့ တိုက်ခိုက်ပြီး နာရီပိုင်းလောက်မှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်တော့ လေယာဉ်ပျက်ကျတာက အဲဒီ နှစ်နိုင်ငံနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အထောက်အထား အတိအကျတော့ မရှိသေးပါဘူး။

ယေဘူယျအားဖြင့်တော့ အမေရိကန်ရဲ့ ပို့ဆောင်ရေးအဖွဲ့အနေနဲ့ နိုင်ငံတကာကဘယ်လို စုံစမ်းစစ်ဆေး မှုမျိုးကိုမဆိုပါဝင်နိုင်ပါတယ်။ ဒါကလည်း အမေရိကန်နိုင်ငံက ထုတ်လုပ်ထားတဲ့ ဘိုရင်းလေယာဉ်တွေ ကြောင့်ဖြစ်ပါတယ်။

အဲဒီလိုပါဝင်နိုင်ပေမယ့်လည်း နိုင်ငံအသီးသီးမှာရှိတဲ့ တည်ရှိပြီး ဥပဒေတွေအရ ပါဝင်နိုင်မှု မပါဝင်နိုင်မှု ကတော့ နိုင်ငံလိုက် ခွဲပြားနိုင်ပါတယ်။

အီရန်လေကြောင်းပို့ဆောင်ရေးအဖွဲ့အကြီးအကဲကတော့ ဘလက်ဘောက်ကို အမေရိကန်ကိုရော၊ ကုမ္ပဏီကိုပါ ပြန်ပေးမှာမဟုတ်ဘူးလို့ ဆိုကြောင်း အီရန်သတင်းအေဂျင်စီတခုက ဖော်ပြပါတယ်။

အီရန်က ဒီပျက်ကျမှုကို စုံစမ်းမှာဖြစ်ပေမယ့် ယူကရိန်းအနေနဲ့တော့ ပါဝင်နိုင်တယ်လို့ အီရန်ဘက်က ပြောပါတယ်။

ဂျက်နီဖာလိုပက်ဇ် ကို ပြည့်တန်ဆာတဦးက တရားစွဲ

အဆိုတော် ဂျက်နီဖာလိုပက်ဇ် တစ်ယောက်တော့ Hustlers ရုပ်ရှင်မှာ သူ့ရဲ့ ပြည့်တန်ဆာဇာတ်ကောင် ပုံဖော်ခဲ့တဲ့ပုံစံနဲ့ ပတ်သက်ပြီး အပြင်မှာတကယ်ရှိတဲ့ ပြည့်တန်ဆာအမျိုးသမီး ဆမန်သာဘာဘာ့ရှ်နဲ့ တရားစွဲတာ ခံထားရပါတယ်။

အဲဒီ ရုပ်ရှင်ကို ဆမန်သာရဲ့အဖြစ်ကို အခြေခံပြီး အဖော်အချွတ်မယ်တွေ အကြောင်း စိတ်ကူးယဉ် ဇာတ်လမ်း အနေနဲ့ ဂျေလိုရဲ့ ထုတ်လုပ်ရေးက ထုတ်ခဲ့တာပါ။ ဆမန်သာ ကတော့ ဇာတ်ကားဟာ သူ့ဘဝကို သိက္ခာချတာဆိုပြီး စွပ်စွဲထားတာပါ။

အဲဒီဇတ်ကားက ပြည့်တန်ဆာတွေနဲ့ မူးယစ်ဆေးပက်သက်ဆက်နွယ်နေတာတွေအပြင်၊ ပိုက်ဆံရှိ သူဋ္ဌေးတွေစီက ငွေလိမ်လည်ရယူတာတွေကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ အခုဇတ်ကားက ၂၀၁၅ခုနှစ်က နယူးယောက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတခုကို အခြေခံထားရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပေမယ့် ဆမန်သာဘာဘာ့ရှ်ကတော့ ဒီဇတ်ကား က သူရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ အခွင့်အရေးတွေအပေါ်ချိုးဖောက်ခံရသလို၊ ရောင်းစားခံရတဲ့ အခြေအနေ လို့ စွပ်စွဲတာဖြစ်ပါတယ်။

ညောင်းတုန်းမြို့ပတ် တာနိမ့်ဆင်းနေလို့ ဒေသခံတွေ စိုးရိမ်နေ

ဧရာဝတီတိုင်း၊ ညောင်းတုန်းမြို့ကိုကာရံထားတဲ့ တာရဲ့ ပေ ၄၀၀ လောက်အရှည်ရှိတဲ့အပိုင်းက နိမ့်ဆင်း သွားတာကြောင့် ညောင်တုန်းဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံနဲ့ တိုင်းလွှတ်တော်ကိုယ်စား လှယ်ထံက သိရပါတယ်။

ဧရာဝတီမြစ်ကနေ ခွဲထွက်စီးဆင်းလာတဲ့ ပန်းလှိုင်မြစ်က ညောင်တုန်းမြို့ကို ဖြတ်သန်းစီးဆင်းတဲ့အခါ မြစ်ရေများတဲ့အချိန်ဆိုရင် မြို့က မြစ်ထက်နိမ့်နေတဲ့ အနေအထားရှိတာကြောင့် မြို့ကို တာနဲ့ ပတ်ကာ ကာရံထားရတာဖြစ်ပါတယ်။

အဲဒီတာကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ အမာခံအုတ်ရိုးထည့်ကာ မွမ်းမံထားတယ်လို့လည်း ညောင်တုန်း မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပါတယ်။

အခုနိမ့်ဆင်းသွားတဲ့ အပိုင်းက ညောင်တုန်းမြို့ထဲအပိုင်းဖြစ်ပြီး ရပ်ကွက် ၃ရှိတဲ့ နေရာ လမ်းအမှတ် ၂၁ ကနေ ၂၃ အထိရှိတဲ့ နေရာဖြစ်သလို၊ လက်ရှိအခြေအနေဟာ မြစ်ရေများလာပါက ရေဝင်နိုင်မယ့် အနေ အထား ဖြစ်တယ်လို့သူက ဆိုပါတယ်။

ညောင်တုန်းမြို့တွင်းမှာတော့ ရပ်ကွက်ပေါင်း ၁၀ခုအထိရှိပြီး လမ်းပေါင်း အမှတ် ၁ ကနေ၊ ၄၀ အထိရှိတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ရက်နေ့က စပြီးနိမ့်ဆင်းသွားတာဖြစ်ပြီး၊ ဇန်နဝါရီ ၈ရက်နေ့မှာတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာ ပေါင်းစုံနဲ့ ကိုယ်စားလှယ်တွေ သွားရောက်ကြည့်ရှုခဲ့ပေမယ့် ဘာကြောင့် နိမ့်ဆင်းသွားခဲ့လဲဆိုတဲ့ အခြေအနေကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေါ်နီနီမိုးက ပြောပါတယ်။

တာပြန်ပြင်ဖို့အတွက် လတ်တလောမှာ လွှတ်တော်မှာ တင်ပြတောင်းခံထားတဲ့လည်းမရှိသလို၊ ဘဏ္ဍာနှစ် အတွက် အသုံးစရိတ်ခွဲတမ်းမှာလည်း မပါဝင်တာကြောင့် တိုင်းအစိုးရအနေနဲ့ ပြင်ဆင်မှုပြုလုပ်ပေးနိုင်ရန် တင်ပြထားတယ်လို့ သူကပြောပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့ မနက်ပိုင်းအထိတော့ ဘယ်ဌာနအနေနဲ့ တာဝန်ယူပြီး ပြန်လည်တည်ဆောက်ပေး မယ်ဆိုတာကို ဒေါ်နီနီမိုးအနေနဲ့ မသိရသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။

အဲဒီတာကို လယ်/ဆည် ဝန်ကြီးဌာနရဲ့ ဆောက်လုပ်ရေးအဖွဲ့က တည်ဆောက်ခဲ့ပြီး၊ ညောင်တုန်း စည်ပင်ကို လွှဲအပ်ထားတာဖြစ်တယ်လို့ လည်းသိရပါတယ်။