KNU တပ်နဲ့ တပ်မတော်အကြား တိုက်ပွဲ ၄ ရက် ဆက်တိုက်ဖြစ်ပွား

ရေးသားခဲ့သည်။

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်ဖွဲ့နဲ့ တပ်မတော်တပ်ဖွဲ့တွေအကြား ဇန်နဝါရီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ မှာ တပ်မတော်တပ်ဖွဲ့ဝင်တွေနယ်မြေကျော်လွန်ပြီးသွားလာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုအနား မှာရှိတဲ့ကျေးရွာက ဒေသခံရွာသားတွေက စိုးရိမ်နေကြသလို တချို့ကလည်း ရွာမှာမနေရဲကြတော့ဘဲ ထွက်ပြေးနေကြရပါတယ်လို့ KNLA တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့အနားကရှိတဲ့ လေးဖိုးထာ၊ ပုဇွန်မြောင်း၊ လယ်ဂူစတဲ့ကျေးရွာတွေက ဒေသခံတွေလည်း တိုက်ပွဲထပ်ဖြစ်လာမှာစိုးရိမ်နေကြပြီး တချို့ဆိုရင်တိုက်ပွဲဖြစ်လာရင်ထွက်ပြေးဖို့ ပြင်ဆင်တာတွေလည်းရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ နှစ်ဖက်တပ်တွေအကြား တင်းမာမှုအရှိန် မလျော့ကျသေးပဲ တဖက်နဲ့တဖက် အပြန်အလှန်စောင့်ကြည့်နေကြတယ်လို့ အဲဒီဒေသခံရွာသားက ပြောပါတယ်။

ဖာပွန်ခရိုင် ကမမောင်းမြို့အထက်က ဝါသိုးခိုရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဝါသိုးခိုရွာမှာ ရှိတဲ့ဒေသခံတွေက လယ်ကွယ်နဲ့ ဝါးဒူးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ KNLA တပ်မတော် ၅ က သတင်းထုတ်ပြန်ထားပါတယ်။

"တစ်နှစ်တစ်ခါ ရိက္ခာပို့တဲ့အချိန်မှာ ဒီလိုတိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။ ရိက္ခာပို့တဲ့အခါမှာ ကျွန်တော်တို့တပ်ဖွဲ့ကို အကြောင်းကြားရမယ်။ သတ်မှတ်ထားတဲ့နယ်မြေမှာပဲ ကားနဲ့ရိက္ခာ ပို့လို့ရတယ်။ သတ်မှတ်ထားတဲ့နေရာကျော်ရင် မြင်းနဲ့ လူတွေနဲ့ပဲ ရိက္ခာပို့ရမယ်။ ဒီလိုမလိုက်နာလို့ ကျွန်တော်တို့တပ်ဖွဲ့က ပစ်ခတ်လိုက်တာဖြစ်တယ်" လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဝါသိုးခိုရွာကရွာသားနှစ်ယောက်ကိုလည်း တပ်မတော်တပ်ဖွဲ့က ပစ်ခတ်လို့ ဒဏ်ရာရ ရှိပြီး အဲဒီရွာသားနှစ်ယောက်ကို ဘားအံမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ KNLA တပ်မတော် ၅ က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက တပ်မဟာ ၅ ထိန်းချုပ်တဲ့နယ်မြေဖြစ်ပြီး အရင်ကတင်းမာမှုဖြစ် ပွားတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့ နယ်က လမ်းဖောက်လုပ်တဲ့ဒေသတွေတော့ မဟုတ်ဘူးလို့သိ ရပါတယ်။

ကျောက်ကြီးမြို့နယ်က တပ်မတော်ဖောက်လုပ်တဲ့ကားလမ်းကြောင့် KNLA တပ်မဟာ ၃ နဲ့ တပ်မတော်တပ်ဖွဲ့အကြားမှာလည်း တင်းမာမှုတွေရှိခဲ့ပြီး နှစ်ဖက်တပ်ကိုယ်စားလှယ်တွေ ဒီဇင်ဘာ လ ၂၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပေမဲ့ ပြေလည်မှုမရရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

"သတ်မှတ်ထားတဲ့နေရာအတွင်း သွားလာရင် သူတို့ကို ဘာမှမလုပ်ဘူး။ သတ်မှတ်ထားတဲ့နယ်မြေ ကျော်လာရင်တော့ ပစ်ခတ်မှာပဲ။ တပ်မဟာ ၅ မှာ နှစ်တိုင်းလိုလိုပဲ ဒီလိုဖြစ်တာ။ အရင်ကလည်း တပ်မဟာ ၅ နယ်မြေက ကျော်မူပလော၊ လယ်မူပလောရွာတွေမှာ လမ်းမဖောက်နဲ့လို့ ကျွန်တော်တို့ဘက်က ပြောတယ်။ ရိက္ခာပို့ရင်လည်း လူ၊ မြင်း၊ လားနဲ့ပို့ရတယ်။ အဲဒီလိုပြောလည်း မရဘူး။ အမှန်မှန်က အန်စီအေ လက်မှတ်ရေးထိုးပြီး နောက်မှာ သတ်မှတ်ထားတဲ့နယ်မြေကို ကျော်လွန်ပြီးသွားလာချင်ရင် တဖက်နဲ့တဖက် အကြောင်းကြားရမှာဖြစ်ပြီး၊ ညှိနှိုင်းဆွေးနွေးပြီး နှစ်ဖက်စလုံးသဘောတူမှ သွားလာလို့ရမယ်။ ကျွန်တော်တို့က သူတို့ကို နေပြည်တော်၊ ဘားအံ၊ မော်လမြိုင်မြို့တွေပေါ်မှာ သွားပစ်တာမှမဟုတ်တာ။ ကျွန်တော်တို့ နယ်မြေမှာတက်လာတယ်၊ သတ်မှတ်ထားတဲ့နယ်မြေကို ကျော်ပြီးသွားလာတဲ့အတွက် သူတို့ကို နည်းနည်းပါးပါး ဆုံးမလိုက်တဲ့သဘောဖြစ်မှာပါ" လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့က ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့နဲ့ ပစ်ခတ်မှုမှာ တပ်မတော်ဘက်က တပ်သားတဦးကျတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ကေအန်ယူတပ်ဖွဲ့က လက်ဖြောင့် သေနတ်သမားသုံးပြီး ချောင်းမြောင်းတာဖြစ်ပြီး၊ ဒီပစ်ခတ်မှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မကောင်းဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

ဒါပေမဲ့ ကေအန်ယူဟာ အန်စီအေလက်မှတ်ရေးထိုးပြီးသား အဖွဲ့ဖြစ်တဲ့အတွက် တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းကပဲ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေတဲ့အတွက် အောက်ခြေမှာဖြစ်နေတဲ့ပြဿနာ တွေကို နောက်ထပ်တွေ့ဆုံညှိနှိုင်းမယ်လို့ သူကပြောပါတယ်။ ကေအန်ယူဘက်က တပ်မတော်ဟာ စစ်ဆင်ရေးအတွက် ကားလမ်းဖောက်လုပ်တာလို့ ယူဆပေမဲ့ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင် နေတာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။