50မနောပွဲကို ပြန်ကျင်းပခွင့်ပြုဖို့ ဝန်ကြီးချုပ်ကို တင်ပြထား

ရေးသားခဲ့သည်။

ကချင်ပြည်နယ်နေ့မှာ ပွဲတော်အမည်ကို ကချင်ဘာသာနဲ့ ရေးသားတဲ့နေရာမှာ အငြင်းပွား မှုရှိနေ တာကြောင့် မနောပွဲထည့်သွင်းကျင်းပဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက် ပေမယ့် လာမယ့်ဖေဖော်ဝါရီမှာ ထဲမှာ ပြန်လည် ကျင်းပခွင့်ပြုဖို့ ဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ မနောပွဲတော်ကော်မတီဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးတန်ဂွန်း ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီလမှာ မနောပွဲတော်ကို ပွဲနာမည်နဲ့ ကျင်းပမယ့်ရက်ကိုပြန်လည်သတ်မှတ်ခဲ့ပြီး အဲဒီပွဲကိုခွင့်ပြုမိန့်ရဖို့ ဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ သိရပါတယ်။

လာမယ့်ဇန်နဝါရီလ ၁၀ ရက်မှာကျရောက်မယ့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့နဲ့ ရိုးရာမနောပွဲတော် ကျင်းပရေးအစီအစဉ်တွေကို ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ပွဲတော်နဖူးစည်းစာတန်းမှာ ကချင်ဘာသာနဲ့ ရေးသားရာမှာ လူမျိုးစုတာဝန်ရှိသူတွေအကြားမှာ သဘောထားကွဲလွဲပြီး ကချင်ပြည်နယ်အစိုးရက ကချင်ပြည်နယ်နေ့မှာ မနောပွဲမကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါကြောင့် ကချင်ရိုးရာယဉ်ကျေးမှု မနောပွဲတော်နာမည်နဲ့ မနောပွဲကို မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ ရိုးရာပွဲတော်အဖြစ် သီးခြားကျင်းပဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရက်သတ်မှတ်ထားတယ်လို့ လည်း ဦးတန်ဂွန်းက ပြောပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ ကချင်ပြည်နယ်တည်ထောင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကချင် ပြည်နယ်နေ့ နဲ့ မနောပွဲကို မြစ်ကြီးနားမြို့ကမနောကွင်းမှာ ကျင်းပလေ့ရှိပြီး မနောအကအလှတွေနဲ့ မနော ပွဲတော်ကိုထည့်သွင်းလေ့ရှိပါတယ်။

အရင်ပွဲတွေကနေ ၂၀၁၇ ခုနှစ်အထိ ပွဲတော်အမည်မှာ ဂျိန်းဖော ကချင်ပြည်နယ်နေ့ လို့ ကချင်ဘာသာနဲ့ ရေးသားဖော်ပြခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဂျိန်းဖော စာသားမထည့်ဘဲ ကချင်လို့ ရေးသားခဲ့တဲ့အတွက် မကျေနပ်သူတွေက ဆိုင်းဘုတ်ကို မီးရှို့ခဲ့ တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

"ဂျိန်းဖောဆိုတာ ကချင်မျိုးနွယ်စုထဲက တစ်မျိုးပေါ့။ အားလုံးကို သူက ကိုယ်စားမပြုနိုင်ဘူး။ ဂျိန်းဖော မျိုးနွယ်ပဲ ကိုယ်စားပြုတာပေါ့။ ကျန်တဲ့ကချင်ငါးမျိုးကို ကိုယ်စားမပြုနိုင်ဘူးပေါ့။ ကျွန်တော်တို့အချင်းချင်း မပျော်ကြမှာစိုးရိမ်လို့ပါ။ မနှစ်က ပွဲမှာ စာတမ်းမီးရှို့ခံရတာက ဂျိန်းဖောပွဲလို့မရေးလို့ပေါ့။ အဲဒီမှာ ကျွန်တော် တို့ က ဝန်ကြီးချုပ်တောင်းဆိုလို့ ပြန်ရေးပေးလိုက်ပါတယ်" ကချင်ရိုးရာယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးဖရယ်ခေါလုတ်က ဘီဘီစီကို ပြောပါတယ်။

ဟိုးအရင်က အခြေအနေ နဲ့ အခု အခြေအနေတွေ ကွာလာတော့ ကျန်တဲ့မျိုးနွယ်စုတွေကလည်းထောက်ပြကြတော့ ကျွန်တော်တို့ကြားထဲ အငြင်းပွားမှုတွေဖြစ်ခဲ့တာပါလို့လည်း ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူးဖြစ်သူ ဦးခေါလုတ် ကပြောပါတယ်၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်လည်း မနောပွဲ ကိုတက်ရောက် ခဲ့တဲ့ အစဉ်လာတွေ ရှိပါတယ်။

ကချင်မျိုးနွယ်စု မှာ ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူး စတဲ့ မျိုးနွယ်စု ခြောက်ခုရှိပြီး ယင်းမျိုးနွယ်စု အားလုံးပါဝင် တဲ့ မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း မှာ ဇန်နဝါရီ ၁၀ ရက် မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပလေ့ရှိပါတယ်။

၂၀၂၀ ဖေဖဝါရီလထဲမှာ မနောပွဲတော် ပွဲမိန့်တင်တဲ့ထဲမှာတော့ မျိုးနွယ်စု ၆ ခုကိုယ်စားလှယ်နဲ့မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းတို့က လက်မှတ်ထိုးပြီးတင်ပြခဲ့တာဖြစ်ပါတယ်။