ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မာန်အောင်ခရီးစဉ်မတိုင်မီ မိုင်းပေါက်ကွဲမှု အပြန်အလှန်စွပ်စွဲနေကြ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မာန်အောင်မြို့ခရီးစဉ်မတိုင်ခင် နာရီပိုင်းအလို မိုင်းသုံးလုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အေအေ နဲ့တပ်မတော် အကြားအပြန်အလှန် စွပ်စွဲ မှုတွေရှိ နေပါတယ်။
တပ်မတော်က ရခိုင်ပြည်နယ်မှာ အေအေ တစ်ဖွဲ့ တည်းရှိတာဖြစ်ပြီးတော့ အေအေ လုပ်တာလို့ ပြောပြီး အေအေဘက်ကတော့ သူတို့ မဟုတ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးပြိုင်ဘက်တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်တို့အပေါ်မှာ သတိထားသင့်တယ်လို့ ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲမှာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက မာန်အောင်မြို့ကို သံတွဲလေဆိပ်ကနေ ရဟတ်ယာဉ်နဲ့ လာရောက်ခဲ့ပြီး မာန်အောင်မြို့ကို လျှပ်စစ်ဓာတ်အားပေးမယ့် ဆိုလာစနစ်သုံး ဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့ လူထုတွေ့ဆုံပွဲအပြီး သံတွဲလေဆိပ်ကို့ ရဟတ်ယာဉ်နဲ့ ပြန်လည်ရောက်ရှိပြီလို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မာန်အောင် ခရီးစဉ်မတိုင်ခင် နာရီပိုင်းအလို မနက် ၆ နာရီ အကျော်မှာ မာန်အောင်ဟိုတယ်နဲ့ လေယာဉ်ကွင်းအစပ် ဖြစ်တဲ့ ငအင်းကျေးရွာသင်္ချိုင်းအနီး ကားလမ်းမနံဘေးမှာ မိုင်းသုံးလုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မာန်အောင်ဟိုတယ်ဘက်ကနေ မနက်ပိုင်းမှာ ပေါက်ကွဲသံသုံးချက်ကို အသံကျယ်ကြီး ကြားလိုက်ရပြီး အဲ့ဒီအချိန်မှာလည်း လျှက်စစ်စက်ရုံဖွင့်ပွဲအခမ်းအနားပြုလုပ်နေတာကြောင့် အဲ့ဒီနေရာကနေ မီးရှုးမီးပန်းတွေ အသံတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ် ဆိုတာကို သိရကြောင်း မာန်အောင်ဒေသခံတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မလာရောက်ခင်မှာ မာန်အောင်မြို့အနီးမှာ မိုင်းသုံးလုံး ပေါက်ကွဲခဲ့တယ် ဆိုတာက မှန်ကန်ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းက ဖောက်ခွဲတယ် ဆိုတာကို ပြောဖို့ခက်ခဲကြောင်း မာန်အောင်မြို့ကို ရောက်နေတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
ဒီမနက်က မာန်အောင်မြို့မှာ ပေါက်ကွဲခဲ့တဲ့ မိုင်းသုံးလုံးဟာ လက်လုပ်မိုင်းအမျိုးအစားဖြစ်ပြီး စပိန်နိုင်ငံလုပ် အနက်ရောင်အဖုံးပါတဲ့ Concord အမျိုးအစား ရေမွှေးပုလင်းတွေနဲ့ပြုလုပ်ထားတာဖြစ်တယ်လို့ ဒေသခံ တွေကတစ်ဆင့် သတင်းတွေအရ သိရပါတယ်။
ဒီကိစ္စအပေါ်မှာ တပ်မတော်ဘက်ကတော့ မိုင်းဖောက်ခွဲခဲ့တာဟာ အေအေဘက်ကနေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပေမယ့် အေအေ ဘက်ကတော့ အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ကို သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းပါတယ်။
"မာန်အောင်မှာ ဒီနေ့မနက်က မိုင်းပေါက်ကွဲတဲ့ကိစ္စကတော့ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးဗျ။ ဘာမှ ပတ်သက်မှုမရှိဘူး။ ဖြစ်နိုင်ခြေ ရှိတာကတော့ သူတို့အချင်းချင်းပေါ့နော်။ နိုင်ငံရေးပြိုင်ဘက်အချင်းချင်းကြားမှာ သူတို့ဟာသူတို့ပဲ တစ်ဖက်နဲ့ တစ်ဖက် လုပ်ကြံကြတာပဲ ဖြစ်ပါလိမ့်မယ်"လို့ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ICJ မှာ သွားရောက်ဖြေရှင်းခဲ့တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိထားတာကြောင့် ပြိုင်ဘက်ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်ကနေ မခံချိမခံသာ ဖြစ်နေတာကို တွေ့နေရတယ်လို့ ခိုင်သုခက ထောက်ပြပြောဆိုခဲ့ပါတယ်။
ဒါအပြင် စစ်ပွဲတွေဖြစ်ပွားနေပြီး ပြဿနာတွေရှုပ်ထွေးနေတဲ့ ရခိုင်ဒေသလို နေရာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ လာရောက်တာဟာ တော်တော်လေးကို အန္တရာယ်ကြီးတဲ့ ခရီးစဉ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်တို့အပေါ်မှာ သတိထားသင့်တယ်လို့ ခိုင်သုခက ပြောပါတယ်။
အဲ့ဒီမိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီက မေးမြန်းစဉ် ပြောဆိုခဲ့ပါတယ်။
မာန်အောင်မြို့ဟာ ပင်လယ်ကျွန်းမြို့ ဖြစ်တဲ့အတွက် မဟာဓာတ်အားလိုင်းသွယ်တန်းဖို့ အခက်အခဲရှိတာကြောင့် ၂၄ နာရီလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ POSCO Daewoo Corporation တို့ပူးပေါင်းပြီးတော့ Energy Srorage System ဆိုလာဓာတ်အားပေးစက်ရုံကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ တည်ဆောက်ခဲ့ပါတယ်။
လူထုတွေ့ဆုံပွဲမှာ မာန်အောင်ဒေသခံတွေဘက်က လေယာဉ်ကွင်းကိစ္စ၊ ဟိုတယ်ဇုန်စီမံကိန်းကိစ္စ၊ ကမ်းခြေပတ်လမ်း ဖောက်လုပ်မှုကိစ္စနဲ့ ဆိပ်ကမ်းကိစ္စတွေကို တင်ပြခဲ့ကြတယ်လို့ အများပိုင်ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလင်းပြည့်ဟိန်းက ပြောပါတယ်။
အခုလိုမျိုး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မာန်အောင်မြို့ကို ရောက်ရှိလာခဲ့ပြီး ဆိုလာစနစ်နဲ့ ဓာတ်အားပေးမယ့် စက်ရုံကိုဖွင့်လှစ်ပေးခဲ့ပြီးတော့ မာန်အောင်ဒေသခံတွေနဲ့ လူထုတွေ့ဆုံပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး မနက် ၁၁ နာရီကျော်မှာ သံတွဲမြို့ကို ရဟတ်ယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။