မင်းပြားမြို့ကကျေးရွာ အုပ်ချုပ်ရေးမှူး ၇၀ ခန့် နုတ်ထွက်စာတင်

ရေးသားခဲ့သည်။

မင်းပြားမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၁ ရက်က ညအချိန် တိုက်ပွဲ အတွင်းမှာ ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ ပြီးနောက် မင်းပြားမြို့နယ်တစ်ခုလုံးမှာရှိတဲ့ ကျေးရွာအုပ်စု ၆၉ အုပ်စုက အုပ်ချု့ပ်ရေးမှူးတွေဟာ တာဝန်ကနုတ်ထွက် ဖို့အတွက် မြို့နယ်ထွေအုပ်နဲ့ နိုင်ငံတော်သမ္မတဆီကို ဒီဇင်ဘာလ ၁၇ ရက်နေ့ က တင်ပြ တောင်းဆိုလိုက်ကြပါတယ်။

တစ်မြို့နယ်လုံးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက အခုလို နုတ်ထွက်ဖို့ တောင်းဆိုရတာဟာ ဒီဇင်ဘာ ၁၁ ရက်မှာ တပ်မတော် စစ်ကြောင်းဟာ စိတ္တရကျေးရွာအတွင်းကို ည ၁၁ နာရီကျော်အချိန်မှာ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့ နေအိမ်အတွင်းကိုဝင်ရောက်က သေနတ်ပစ်ခတ်ခဲ့တဲ့အတွက် ဦးဉာဏ်သိန်းနဲ့ ရွာသူတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်အုပ်ချုပ်ရေးမှူးတစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရ လို့ဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ သူတို့ အတွက် လုံခြုံမှုမရှိတော့တဲ့အပြင် ဥပဒေမဲ့ လုပ်ရပ်တွေကို နောက်ထပ်ရင်ဆိုင်ရမှာကို စိုးရိမ်မှုတွေ ရှိနေသလို လုံခြုံရေး အာမခံချက်မပေးနိုင်ရင် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပုချေက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ကတော့ အရာရှိတစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့သလို တပ်မတော်စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ ဖုံသာကျေးရွာက ဦးဉာဏ်သိန်း နဲ့ ကျောက်မော်ကျေးရွာက ဦးကျော်အေးမောင်တို့ နှစ်ဦး လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေတာ တွေ့ရှိရ ပြီး မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေတဲ့ မောင်မောင်သန်း အပါအဝင် အမျိုးသား ခုနစ်ဦး ကိုဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးနိုင်ဖို့ မင်းပြားမြို့မ ရဲစခန်းကို လွှဲပြောင်း အပ်နှံသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

"ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေကို အပြစ်မရှိဘဲ သတ်ပစ်တဲ့ကိစ္စပါ။ ဘာအပြစ်မှ မဖော်ပြနိုင်ဘဲ၊ တရားဥပဒေအရ မဟုတ်ဘဲ သတ်ပစ်ပါတယ်။ ဒါကြောင့် မနေ့က အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ကြတယ်။ သက်ဆိုင်ရာဌာနတွေကိုလည်း တင်ပြတယ်။ နိုင်ငံတော်သမ္မတဆီကိုလည်း တင်ပြထားတယ်။ သတ်ပစ်တဲ့ကိစ္စမှာ တရားမျှတအောင် လုပ်ပေးဖို့ အပြစ်ပေးအရေးယူဖို့၊ ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို စိုးရိမ်မှု မလုံခြုံမှု မရှိရအောင် လုပ်ပေးဖို့နဲ့ နောက်ထပ် အခုလို ဥပဒေနဲ့မညီဘဲ အစွန်းရောက်အလုပ်တွေမလုပ်ဖို့ တောင်းဆိုတယ်"လို့ ပြည်တော်သာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နုတ်ထွက်ခွင့် တောင်းဆိုရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဘက်ကတော့ တပ်မတော်အနေနဲ့ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်မထားဖို့နဲ့ အမှားလုပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ကြဖို့အတွက် လိုလားနေကြတာ ဖြစ်ပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ညှိနှိုင်းမှုအရ လေးငါးရက်လောက် စောင့်ဆိုင်းပေးမှာဖြစ်ပြီး ထူးခြားမှုတစ်စုံတစ်ရာ မရှိရင် မင်းပြားမြို့နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးအားလုံးဟာ တာဝန်ကနုတ်ထွက်ကြဖို့ ဆုံးဖြတ်ထားတာဖြစ်တယ် လို့ ဦးမောင်ပုချေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်နေလဲဆိုတာကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်း နိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပြန်မဖြေပါဘူး။

စိတ္တရကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနေအိမ်နဲ့ မျက်စောင်းထိုးအိမ်က အသက် ၃၉ နှစ်အရွယ် ဒေါ်ဖြူဖြူဝင်းဟာလည်း နေအိမ်မှာ ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သလို တပ်မတော်စစ်ကြောင်း ဝင်ရောက်ပစ်ခတ်ချိန်မှာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့ နေအိမ်ခြံဝင်းအတွင်း မီးလှုံနေကြတဲ့ အထဲက ရွာသားတချို့ကိုလည်း ထိမှန်ခဲ့တာတွေရှိခဲ့ပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

တပ်မတော်က လူ ခုနစ်ဦးကို ဖမ်းဆီးထိန်းသိမ်းတယ်လို့ ထုတ်ပြန်ပေမဲ့ ဒေသခံတွေဘက်က ၁၁ ဦး ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

အဲဒီလို ဖမ်းဆီးခံရတဲ့ အရပ်သား ၁၁ ဦးအနက် လက်မောင်းကျည်ထိဒဏ်ရာရရှိခဲ့တဲ့ ကျောက်မော်ကျေးရွာ တာဝန်ခံ ဦးမောင်မဲချေ (ခ) ဦးကျော်အေးမောင်ဟာ အဲ့ဒီနေ့ညမှာပဲ စိတ္တရကျေးရွာ တစ်ဖက်ကမ်း သလူချောင်းရွာအပြင်မှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဖမ်းဆီးခံနေရရာကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ကျောက်မော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင်ကို တပ်မတော်စစ်ကြောင်းက လည်ပင်းလှီး သတ်ဖြတ်တယ်လို့ဆိုပြီး သတ်ဖြတ်နေတဲ့အချိန် ကျန်တဲ့သူတွေကို နောက်ကိုလှည့်မကြည့်ဖို့နဲ့ အော်တဲ့သူကို ပစ်သတ်မယ်ဆိုပြီး ပါးစပ်တွေမှာ သေနတ်ပြောင်းတွေကို ထည့်ထားတယ်လို့ သူက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းက စိတ္တရရွာကို အရောက်မှာ ကျေးရွာအတွင်းနေအိမ်တစ်အိမ်ကနေ လက်နက်ငယ်နဲ့ပစ်ခတ်တဲ့ အတွက် ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ်ပြီး တပ်မတော်ဘက်က အရာရှိတစ်ဦးရဲ့ပေါင်မှာလည်း ကျည်ထိဒဏ်ရာရရှိခဲ့ တယ်လို့ တပ်မတော်ဘက်က သတင်းတွေထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးသေဆုံးတာပါရှိပြီး ဒေါ်ဖြူဖြူဝင်းနေအိမ်မှာ သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာကို ထည့်သွင်းဖော်ပြမထားပါဘူး။

တပ်မတော်ဘက်က ရွာသား ၈ ဦးကိုဖမ်းဆီးခေါ်လာခဲ့တဲ့အချိန် ကျေးရွာအထွက်မှာ တိုက်ပွဲဖြစ်ပွားပြီး ကျောက်မော် အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် ကျည်ထိမှန်သေဆုံးသွားခဲ့တာဖြစ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ဆိုတာ မဟုတ်မှန်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အခါမှာ မှန်ပြီးတော့ သေတာပဲ။ တိုက်ပွဲက ရွာထဲမှာဖြစ်တယ်၊ ရွာအထွက်မှာဖြစ်တယ်။ ကျွန်တော်တို့ဆီက သတင်းထုတ်ပြန်ထားတယ်။ အရာရှိတစ်ယောက်တောင်မှ ပေါင်မှာမှန်သွားသေးတယ်။ စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အိမ်မှာ တိုက်ပွဲထပ်ဖြစ်ပြီးတော့မှ သောင်းကျန်းသူက တောင်ဘက်ကိုဆင်းပြေး သွားတာ"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုပါတယ်။

ဖမ်းဆီးသွားခဲ့တဲ့ ကျေးရွာသားတွေထဲက ကျန်တဲ့ ၇ ဦးကိုတော့ အေအေနဲ့ ဆက်စပ်နေသူတွေဆိုပြီး မင်းပြားမြို့မရဲစခန်းမှာ လာရောက်အပ်နှံခဲ့ပြီး အမှုဖွင့်အရေးယူထားတယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။

ဘယ်ဘက်လက်တစ်ဖက်ပြတ်နေပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကျောက်မော်ကျေးရွာတာဝန်ခံ ဦးမောင်မဲချေ (ခ) ဦးကျော်အေးမောင်ရဲ့ အလောင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ သလူချောင်းကျေးရွာအနီး တောင်ခြေရင်းမှာ ကျေးရွာသားတွေက ရှာဖွေတွေ့ရှိခဲ့ပြီး မင်းပြားမြို့မှာ မိသားစုတွေနဲ့ သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသေဆုံးနေတဲ့ ကျောက်မော်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အလောင်းမှာပါရှိတဲ့ဒဏ်ရာတွေဟာ အေအေဘက်ကနေပြီး တော့ ဝါဒဖြန်ချင်တဲ့အတွက် တမင်လုပ်ကြံထားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုခဲ့ပါတယ်။

" ခမရ ၃၈၀ ကနေပြီးတော့ ဖမ်းသွားတယ်ဆိုတဲ့ဥစ္စာကို အဲ့ဒီနားမှာရှိတဲ့ ဒေသခံတွေ အားလုံးသိတယ်။ သူတို့သတ်တယ်ဆိုတာကိုလည် ဒေသခံတွေသိတယ်။ အဲ့ဒါလည်းပဲ ဗမာစစ်တပ်ကနေပြီး တော့ မျက်လုံးစုံမှိတ်ပြီးတော့ ငြင်းနေတဲ့ဥစ္စာကတော့ တော်တော်လေးသူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်"လို့ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက တုံ့ပြန်ပြောဆိုပါတယ်။

အခုလိုဖြစ်စဉ်တွေကြောင့် အုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံမှုမရှိတော့ဘူးဆိုပြီး ၂၀၁၉ ခုနှစ်ဆန်းပိုင်းကလည်း မြေက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ နီးပါးနဲ့ ကျောက်တော်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၄၀ ကျော်တို့ တာဝန်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။