ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လှိုင်သာယာFMI အိမ်ရာမှာ ရပ်ကျေးအဖွဲ့ဝင်တွေကို ရိုက်နှက်တဲ့ တရုတ်နိုင်ငံသားတွေကို အမှုဖွင့်အရေးယူမယ်
လှိုင်သာယာမြို့နယ် FMI အိမ်ရာဝင်းအတွင်း စကားများရာက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၂၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်က ဘီဘီစီကို ပြောပါတယ်။
ဒီဇင်ဘာ ၇ရက်နေ့က လှိုင်သာယာမြို့နယ်၊ FMI City အိမ်ရာ အေးသာယာလမ်းမှာနေထိုင်တဲ့ တရုတ် နိုင်ငံသားအချို့ဟာ သူတို့ရဲ့ကားကြီးတစ်စီးနဲ့ ကားသေးတစ်စီးကို လမ်းအတွင်း တစ်နေကုန်ပိတ်ရပ်ထားပြီးနောက် ညပိုင်းမှာ လမ်းတွင်းနေထိုင်သူအချို့နဲ့ စကားများရာက ရပ်ကျေးအဖွဲ့ဝင်အချို့ဟာ တရုတ်နိုင်ငံသားတွေရဲ့ ရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
'' သူတို့ကို ညတွင်းချင်းပဲ စခန်းမှာခေါ်ဆောင်ပြီး အမှုဖွင့်အရေးယူနိုင်ဖို့လုပ်ခဲ့ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတရားစွဲသွားမှာပါ။ တခြားနိုင်ငံသားတွေဖြစ်နေလို့ လ.ဝ.ကကိုလည်း ခေါ်ရတယ်။ အမှုဖွင့်ဖို့ကို စကားပြန်တွေဘာတွေနဲ့ခေါ်ပြီး စစ်ရလို့ ကြာသွားတာပါ။ အခုကတော့ အာမခံပေးလို့ရတဲ့ ပုဒ်မ ဖြစ်တော့ စခန်းကနေတော့ ပြန်လွှတ်လိုက်ပါပြီ။'လို့ ရဲမှူးခင်ဇော်ကပြောပြပါတယ်။
ဖြစ်စဉ်ဖြစ်ပွားချိန်မှာ အဆိုပါတရုတ်နိုင်ငံသားတွေဟာ မူးယစ်နေပြီး တုတ်တွေဓားတွေကိုင်ဆောင်ကာ ရန်ပြုခဲ့လို့ ရပ်ကျေးအဖွဲ့ဝင်တွေအပြင် နယ်ထိန်းတစ်ဦးမှာ ခေါင်းထိခိုက်သွားတယ်လို့ အခင်းဖြစ်ပွားရာလမ်းမှာနေထိုင်သူ မနန်းရွှေယမင်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
'' ကျွန်တော်တို့ရောက်သွားတော့ အေးအေးဆေးဆေးပါပဲ။ ကြီးကြီးမားမားဒဏ်ရာရတာ စိုးရိမ်ရတာတို့မရှိဘူး။ အဲ့လို တုတ်တွေဓားတွေကိုင်ရန်ပြုတယ်လို့ စစ်ဆေးမတွေ့ရဘူး။ ပုံမှန်စကားများရန်ဖြစ်တာပါပဲ။''လို့ ရဲမှူးခင်ဇော်ကပြောပါတယ်။
အချင်းများခဲ့တဲ့ အဆိုပါတရုတ်နိုင်ငံသား ၅ဦးရဲ့ ပတ်စပို့နဲ့ ဗီဇာတွေကိုလည်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကနေ စစ်ဆေးနေဆဲဖြစ်ပြီး နေထိုင်ခွင့်ရှိ မရှိ စတဲ့ နောက်ဆက်တွဲအချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း ရဲမှူးခင်ဇော်ကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးနေထိုင်ရာ လှိုင်သာမြို့နယ်မှာ စက်မှုဇုန်အများဆုံးတည်ရှိပြီး စက်ရုံအများစုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့စက်ရုံတွေဖြစ်ပါတယ်။
တရုတ်နိုင်ငံသားပိုင် စက်ရုံတွေကငှားရမ်းထားတဲ့ ပညာရှင်တွေအပါအဝင် အခြားအဆင့်တာဝန်တွေမှာလည်း တရုတ်နိုင်ငံသားတွေအများအပြားရှိနေပြီး လှိုင်သာယာမြို့နယ်အတွင်းက မီနီမားကတ်တွေ၊ စားသောက်ဆိုင်စတဲ့ ဆိုင်တွေမှာပါ တရုတ်အမည်နဲ့ တရုတ်လိုသာ ရေးထားတဲ့ဆိုင်တွေပါ ရှိလာနေပြီဖြစ်ပါတယ်။
အဲဒီဆိုင်တွေကိုတော့ အင်္ဂလိပ်လိုရော မြန်မာလိုပါရေးဖို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ သတိပေးပြောဆိုတာတွေ လုပ်နေပါပြီလို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်ဇော်ကပြောပါတယ်။