အိုင်စီဂျေမှာ အတိုင်ပင်ခံကို နိုင်ငံတကာရောက် မြန်မာ ၂၅၀ လောက် ဝန်းရံကြမယ်

ရေးသားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ သွားရောက် ရင်ဆိုင်မယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရောက် မြန်မာ ၂၅၀ နီးပါး လာရောက် ဝန်းရံဖို့ ရှိနေတယ်လို့ ယူကေနိုင်ငံက ဦးဆောင်စီစဉ်သူ တစ်ဦး ဖြစ်တဲ့ မပိုးဖြူသန့်က ဘီဘီစီကို ပြောပါတယ်။

နယ်သာလန်မှာ ထောက်ခံပွဲအတွက် လူ၂၅၀ အရေအတွက်နဲ့ တရားဝင် ခွင့်ပြုမိန့် လျှောက်ထားပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဓိကကတော့ ဝန်းရံသူတွေဟာ ဒီဇင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကို အဓိက ဝန်းရံကြဖို့ ရှိပြီး မနက်စောစော ဒေါ်အောင်ဆန်းစုကြည် မလာခင် တရားရုံးရှေ့မှာ သွားစောင့်ကြမယ်၊ တရားရုံးမှာလည်း မြန်မာ အများစုက ဝင် နားထောင်ကြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက လာရောက် ဝန်းရံသူ အချို့ကတော့ ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အနုပညာနယ်ပယ်၊ တရားဥပဒေရေးရာ နယ်ပယ်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ဆိုရှယ်မီဒီယာမှာ လူသိ ထင်ရှားတဲ့ လူစုစုပေါင်း အယောက်၂၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

နယ်သာလန်နိုင်ငံ ရောက်ရင်တော့ နယ်သာလန်ရောက် မြန်မာတွေနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

ဥရောပရောက် မြန်မာတွေကတော့ စုစုပေါင်း ၂၅၀ လောက် ဝန်းရံမှာ ဖြစ်ပြီး စုစုပေါင်းလူ ၃၀၀ လောက် ဖြစ်သွားနိုင်တယ်လို့လည်း မပိုးဖြူသန့် က ပြောပါတယ်။

ဥရောပ ကနေ နယ်သာလန်ကို လာရောက်ကြသူတွေထဲမှာ ဥရောပမှာ ပညာသင်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ၊ အလုပ် လုပ်နေကြသူတွေ အများစု ပါတယ်လို့လည်း မပိုးဖြူသန့်က ပြောပါတယ်။

နယ်သာလန်နိုင်ငံက အိုင်စီဂျေ တရားရုံးထဲမှာ မြန်မာတွေ ဝင်နားထောင်မှာ ဖြစ်သလို အပြင်မှာလည်း နိုင်ငံတော် အလံတွေကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ကြွေးကြော်ဖို့ စီစဉ်ထားသလို ဗီနိုင်းတွေ၊ ပိုစတာတွေ ကိုင်ပြီး ဝန်းရံဖို့ ရှိတယ်လို့ မပိုးဖြူသန့််က ပြောပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ဦးဆောင် တရားစွဲဆိုထားတဲ့ ကိစ္စကို မြန်မာဘက်က ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ တုံ့ပြန် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

အိုင်စီဂျေ မှာ တရားရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တဆင့် နယ်သာလန်နိုင်ငံကို ထွက်ခွာသွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

စတင် ထွက်ခွာတဲ့နေ့မှာပဲ မြန်မာနိုင်ငံအနှံ့က မြို့ ၇ မြို့ထက် မနည်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံ ထောက်ခံပွဲတွေ လုပ်ခဲ့ကြပါတယ်။