ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုင်စီဂျေအရေး အစိုးရ ရပ်တည်ချက်ကို ထောက်ခံတယ်လို့ ဝတပ်ဖွဲ့ ကြေညာ
ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာရုံး အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့ ကိစ္စအပေါ် မြန်မာအစိုးရရဲ့ရပ်တည်ချက်ကို ထောက်ခံကြောင်း ဝအဖွဲ့က သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့ပါတယ်။
ဒီတရားရင်ဆိုင်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမယ့်အပေါ် ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းမယ့် လုပ်ဆောင်ချက်အနေနဲ့ လေးစားစွာ ဂုဏ်ယူတဲ့အကြောင်း ဝ သွေးစည်းညီညွတ်ရေး တပ်မတော်ကနေ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်ကို ICJ နဲ့ အာဂျင်တီးနား တရားရုံးတို့မှာ တရားစွဲဆိုထားတာကို ထောက်ခံတယ်လို့ ရက္ခိုင့်တပ်တော် AA၊ တအာင်း၊ ပလောင် TNLA နဲ့ ကိုးကန့် MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကြေညာချက် ထုတ်ပြန်အပြီး ရက်ပိုင်းအတွင်းမှာပဲ ဝဘက်က အခုလို ထုတ်ပြန်ချက် ထွက်လာတာ ဖြစ်ပါတယ်။
မျက်စိစုံမှိတ်ငြင်းနေမယ့်အစား တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ သွားဖြေရှင်းတာကို အားပေးတယ်လို့ ဝတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဒီလို ထုတ်ပြန်ချက် ထုတ်တာဟာ နိုင်ငံရေး မဟာမိတ်အဖွဲ့တွေနဲ့ သီးခြား အမြင်ရှိတာသာ ဖြစ်ပြီး အချင်းချင်း ယုံကြည်မှု ပျက်ပြားသွားမယ်လို့ မမြင်ကြောင်း သူက ပြောပါတယ်။
"မြောက်ပိုင်းမဟာမိတ်အနေနဲ့ အမြင်မတူတာက နောက်ခံ ဖြစ်တည်မှုကလည်း ကွာခြားနေလို့ ဖြစ်ပါတယ်။ ဝပြည်နယ်က ငြိမ်းချမ်းရေး ယူလာတာကလည်း နှစ် ၃၀ ကျော်လာပြီဆိုတော့ သူတို့ရဲ့ အခြေအနေနဲ့တော့ ကွာခြားမှုတွေ ရှိနေတယ်" လို့ ဦးညီရမ်းက ပြောပါတယ်။
တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ "ကျွန်တော်တို့က မှားတယ်၊ မှန်တယ်တော့ မပြောလိုပါဘူး။ တရားရုံးကနေ ဆုံးဖြတ်ပါလိမ့်မယ်" လို့ ပြောပါတယ်။
ဝတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ရှုပ်ထွေးပြီး ဒီပဋိပက္ခတွေကို မသင့်လျော်တဲ့ နိုင်ငံတကာ စွက်ဖက်မှုက အခြေအနေတွေကို ပိုရှုပ်ထွေးစေမယ်လို့လည်း ပါပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို တရားမျှတမှု မရှိတဲ့ ဘယ်ဖြေရှင်းချက်ကို မဆို ကန့်ကွက်တယ်လို့လည်း ပါရှိပါတယ်။
ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး အိုင်စီဂေျမှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီး ဆောင်ရွက်မယ် ဆိုပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂ဝ ရက်စွဲနဲ့ ကြေညာထားပါတယ်။
ဒါ့အပြင် ဒီလို တရားရင်ဆိုင်ဖို့ ဂျီနိုဆိုက် လူမျိုးပြုန်းတီးမှု အမှုတွေကို ရှေ့နေလိုက်တဲ့ ကျွမ်းကျင်သူတွေကို မြန်မာဘက်က ငှားရမ်းထားတယ်လို့လည်း အစိုးရက ပြောထားပါတယ်။