ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်္ဂလာဒုံက ပြန်စွန့်လွှတ်တဲ့ မြေတွေကို ရန်ကုန်အစိုးရ ဘာကြောင့် ပိုင်ရှင်ထံ ပြန်ပေးဖို့ ကြာနေရလဲ
အောင်မင်္ဂလာအဝေးပြေးဝင်း နဲ့ ဆက်စပ်နေတဲ့တဲ့ မင်္ဂလာဒုံ စက်မှုဥယျာဉ်ရဲ့ မျက်နှာချင်းဆိုင်၊ အမှတ် ၃လမ်းမကြီးဘေးက မြေဧရိယာ ၃၁၅ ဧကကို တပ်မတော်က ၂၀၁၄ ခုနှစ်ကတည်းက ပြန်လည်စွန့်လွှတ် လိုက်ပေမယ့် ရန်ကုန်တိုင်းအစိုးရက လက်ရှိအချိန်အထိ မူလပိုင်ရှင်တွေထံ ပြန်မပေးသေးဘူးလို့ နိုဝင်ဘာ ၁၉ ရက် က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှတ်တမ်းတွေအရ သိရပါတယ်။
မင်းကင်းမြို့နယ် အမတ် ဦးမောင်မြင့်က '……..ရန်ကုန်အစိုးရက တပ်ကနေ ပြန်အပ်ထားတဲ့ မြေ တဧက ကိုမှ ပိုင်ရှင်ထံကို ပြန်မပေးသေးပါဘူး။ သမ္မတရုံးက မူအားဖြင့် ခွင့်ပြုထားတဲ့ မြေပိုင်ရှင် ၂၀၊ တိုင်းအစိုးရ ၈၀၊ ခွဲဝေယူမယ်ဆိုတဲ့အစီအစဉ်ကို သွတ်သွင်းပြီးတော့မှ လုပ်ပိုင်ခွင့်ကို အမြတ်ထုတ်အသုံးချနေတယ်…..' စတာတွေကို မေးမြန်းသွားပါတယ်။
အဲဒီမြေ ၃၁၅ ဧကအပါအင် ဧက ၁၀၀၀ လောက်ကို တပ်ရိက္ခာစိုက်ပျိုးမြေ အဖြစ် ၁၉၉၂ခုနှစ်မှာ သိမ်းဆည်းခဲ့ပြီး ၂၀၁၄ခုနှစ်မှာ ဦးသိန်းစိန်အစိုးရထံကို ပြန်လည်စွန့်လွှတ်ထားခဲ့ပါတယ်။
အဲဒီလို စွန့်လွှတ်လိုက်တဲ့မြေတွေကို မူလပိုင်ရှင်ထံ ပြန်ပေးဖို့ စိစစ်ခဲ့ပေမဲ့ မပြီးပြတ်ခဲ့ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်အထိ ရောက်ရှိလာခဲ့တာ ဖြစ်တယ်၊ ၂၀၁၈ခုနှစ်မှာ ပိုင်ရှင် ၅၃ဦး ပိုင်ဆိုင်တယ်လို့ ပေါ်ပေါက်တွေ့ရှိခဲ့တယ်၊ ဒါပေမဲ့၂၀ရာခိုင်နှုန်းပဲ ပြန်ပေးနိုင်မယ့် အခြေအနေကြောင့် လက်ရှိအချိန်အထိ ပြန်မပေးနိုင်တာလို့ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဘီဘီစီကို ပြောပါတယ်။
အခုဆိုရင် တပ်က ပြန်စွန့်လွှတ်ခဲ့တာ ၅ နှစ်ကျော်လာပြီ ဖြစ်ပေမယ့်လည်း မူလပိုင်ရှင်တွေထံကို ရန်ကုန်တိုင်းအစိုးရက ပြန်မအပ်နိုင်သေးပါဘူး။
အဲဒီမြေနေရာမှာ နိုင်ငံတကာအဆင့်မီယာဉ်ရပ်နားဝင်းနဲ့ တခြားစီမံကိန်းတွေဖော်ဆောင်ဖို့ ရည်မှန်းထားတယ်၊ ပြန်စွန့်လွှတ်တဲ့ မြေထဲက ၈၀ရာခိုင်နှုန်းကို ရယူဖို့ ကြိုးပမ်းနေတာကို ရန်ကုန်တိုင်းလွှတ်တော် စီမံ၊ ဘဏ္ဍာနဲ့ စီးပွား ရေးကော်မတီအနေနဲ့ သိထားရတယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဘီဘီစီကို ပြော ပါတယ်။
စွန့်လွှတ်မြေကို ပြန်သိမ်းဖို့ ညှိနှိုင်းခဲ့မှု
တပ်ကစွန့်လွှတ်လိုက်တဲ့ မြေကို တိုင်းအစိုးရက အဲဒီလိုစီမံကိန်းတွေလုပ်ဖို့အတွက် ၈၀ ရာခိုင်နှုန်း ရဖို့ လယ်သမား တွေနဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် လယ်သမားတွေဘက်က လက်မခံလို့ မအောင်မြင်ခဲ့ပါဘူး။
အဲဒီလိုညှိနှိုင်းရာမှာ ရန်ကုန်အစိုးရက ခန့်အပ်ထားတဲ့ တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ဦး၊ လယ်သမားကိုယ်စားလှယ်တွေလည်း ပါခဲ့ကြပါတယ်။အဲဒီအစည်းအဝေးကို အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ လုပ်ခဲ့ကြတာပါ။
အဲဒီလိုဆွေးနွေးကြတဲ့အချိန်မှာ ရန်ကုန်အစိုးရရဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က သမ္မတရုံးက ညွှန်ကြား ထားတယ်လို့ ဆိုပြီး မြေ ၈၀ရာခိုင်နှုန်းကို သိမ်းယူလိုကြောင်း၊ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကို ပြန်ပေးမယ်၊ မလိုချင်ပါက လျော်ကြေးငွေ ပေးနိုင်တယ်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ လယ်သမား တွေကို ပြောခဲ့တယ်လို့ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဘီဘီစီ ကိုပြောပါတယ်။
"လယ်သမားတွေက အစိုးရကို အဲဒီမြေမှာ လုပ်ငန်းလုပ်ပါ၊သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ထိုးခိုင်းတယ်။ နောက်ပြီးမှာ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကို စဉ်းစားပေးမယ်၊ တစ်ဖက်သတ်ဆန်လို့ လက်မခံခဲ့ကြဘူး" လို့ အဲဒီအစည်းအဝေးမှာ ရန်ကုန်အစိုးရရဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ပြောခဲ့ တာလို့ သူကဆိုပါတယ်။
မြေ ၈၀ရာခိုင်နှုန်းကို ယူနိုင်တယ်ဆိုတဲ့ သမ္မတရုံးက ညွှန်ကြားထားတယ်ဆိုတဲ့ အချက်အလက်ကိုလည်း လယ်သမားတွေနဲ့ ကိုယ်စားလှယ်တွေကို ချပြခဲ့တာမရှိဘဲ၊ ညှိနှိုင်းမှုအစည်းအဝေးက တစုံတရာ သဘောတူခဲ့မှု မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။
တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တိုင်းဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်း ပေးထားတာပါ။ ပြင်ပပုဂ္ဂိုလ်အနေနဲ့တော့ လှည်းကူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ကို ထည့်သွင်းထားပါတယ်။
အဲဒီအချိန်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ လယ်သမားတွေနဲ့ ညှိနှိုင်းခဲ့ရပုံကို မေးမြန်းဖို့ ဦးမောင်မောင်ကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ထားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ပြန်စွန့်လွှတ်တဲ့မြေကို ၈၀ရာခိုင်နှုန်းပြန်ယူဖို့ တကယ်ညွှန်ကြားခဲ့လား
သိမ်းဆည်းခဲ့တဲ့ မြေတွေကို စိစစ်ပြီး မူလပိုင်ရှင်တွေကိုပြန်ပေးတဲ့နေရာမှာ သိမ်းဆည်းမြေတွေရဲ့ ၈၀ရာခိုင် နှုန်းကို နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် အသုံးပြုဖို့ သတ်မှတ်ထားတာ မရှိဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်မြင့်က နိုဝင်ဘာ ၁၉ရက် နေ့၊ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ ပါတယ်။
လက်ရှိကာလမှာ သိမ်းဆည်းတဲ့မြေယာတွေအပေါ်သာ တောင်သူလယ်သမားတွေနဲ့ ညှိနှိုင်းပြီး သဘောတူမှ ၈၀ရာခိုင်နှုန်းကို ရယူဖို့ သတ်မှတ်ထားတာလို့လည်း ဦးတင်မြင့်က ပြောပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ အဲဒီမြေတွေကို မူလပိုင်ရှင်ထံကို လုံးဝပြန်လည်ပေးအပ်တာမျိုး မရှိသေးပါဘူး။
အဲဒီမြေနဲ့ ပတ်သက်ပြီး ရန်ကုန်အစိုးရကို အချိုးကျ ရယူခွင့် ပေးထားတာ မရှိပေမယ့်လည်း ဒဂုံအရှေ့၊ ဒဂုံတောင်နဲ့ ဒဂုံဆိပ်ကမ်းတို့မှာ လုပ်မယ့် စက်မှုဥယျာဉ် စီမံကိန်းတွေမှာ မြေယာရရှိဖို့ ၈၀၊ ၂၀ အချိုးနဲ့ တောင်သူလယ်သမားတွေ သဘောတူရင် ရယူနိုင်တယ်လို့ ၂၀၁၈ခုနှစ် သြဂုတ်လမှာ မူအားဖြင့် သဘောတူ တယ်လို့ ရန်ကုန် အစိုးရကို ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရန်ကုန်အစိုးရက အခုတပ်က စွန့်လွှတ်ပေးထားတဲ့ မြေကိုပါ ၈၀၊ ၂၀ အချိုးနဲ့ ရယူဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စီမံကိန်းတွေ ဖော်ဖို့ အဲဒီလိုမြေရဖို့အတွက်ကိုလည်း အခြားတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက လုပ်လေ့မရှိဘဲ ရန်ကုန်အစိုးရ ကသာ လုပ်ဆောင်နေတာလို့ ရန်ကုန်တိုင်းလွှတ်တော် စီမံ၊ ဘဏ္ဍာနဲ့ စီးပွား ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။
အသိမ်းခံရတဲ့ လယ်သမားတွေ ဘာတွေနစ်နာနေလဲ
၂၇နှစ်ကြာ သိမ်းဆည်းခံထားရတဲ့ အဲဒီလယ်မြေတွေမှာ ပိုင်ရှင်လယ်သမားတွေ အခုချိန်ထိ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် တခါမှမရသေးဘူးလို့ လယ်သမား ၅၃ဦးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သူ ဦးသန်းထိုက်က ဘီဘီစီကိုပြောပါတယ်။
တပ်က စွန့်လွှတ်လိုက်ပေမယ့် ရန်ကုန်တိုင်းအစိုးရက ပြန်မပေးသေးတဲ့ လယ်ဧက ၃၀၀ ကျော်ထဲမှာ ဦးသန်းထိုက်ရဲ့ လယ်မြေတွေလည်း ပါပါတယ်။
အခုနှစ်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီတခုက အဲဒီလယ်မြေ ၃၀၀ ကျော်အပေါ်မှာ ဂျီပီအက်စ် (မြေပြင်တည် နေရာကို အလွယ်တကူရှာဖွေသိရှိနိုင်တဲ့စနစ်) စနစ်ကို လာတပ်ဆင်သွားပြီး ပိုင်ရှင်တွေကို လယ်လုပ်ပိုင်ခွင့်လည်း မပေးဘူးလို့ သူကဆိုပါတယ်။
"၈၀၊ ၂၀ ဆိုတာက မတရားသဖြင့်ကြီး လုပ်ထားတာဗျ။ အာဏာရှင်အစိုးရကတောင် ပြန်စွန့်ပေးလိုက်ပြီ ကျွန်တော်တို့ တင်ထားတဲ့ ပြည်သူ့အစိုးရက ဘာလို့ပြန်မစွန့်တာလဲဆိုတာ စဉ်းစားဖို့ကတော့ လိုနေပြီ" လို့ ဦးသန်းထိုက်က ပြောပါတယ်။
အဲဒီမြေနေရာတွေမှာ နိုင်ငံတကာအဆင့်မီ ကားရပ်နားဝန်းလို စီမံကိန်းကို ဖော်ဆောင်ဖို့ ရန်ကုန်တိုင်း အစိုးရက စီမံနေပေမယ့် လုပ်ငန်းတစုံတရာ အကောင်အထည်ဖော်တာ မရှိသေးဘဲ၊ မြေတွေကို ဆက်ထိန်းသိမ်းထား တာလည်း ဖြစ်ပါတယ်။
ရန်ကုန်အစိုးရ လုပ်နေတဲ့ ၈၀၊ ၂၀ ညှိနှိုင်းမှု အဆင်မပြေတဲ့အခါ တိုင်းအစိုးရက အဲဒီလိုမြေတွေကို တသက်လုံး အခြားနည်းပြောင်းသုံးလို့မရအောင် လုပ်နေတဲ့ ပုံတွေ၊ ခြိမ်းခြောက်မှုတွေလုပ်နေတာတွေရှိ တယ်လို့ မြေပြန်ရရှိရေး မေးမြန်းခဲ့တဲ့ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
ရန်ကုန်အစိုးရကလုပ်မယ့် စီမံကိန်းတချို့ကိုလည်း အချက်အလက် အပြည့်အစုံနဲ့ တင်ပြရှင်းလင်းနိုင်တာ မရှိတာကြောင့် ရန်ကုန်တိုင်းလွှတ်တော်က မှတ်တမ်းအဖြစ်လည်း ထားရှိထားတာလည်း ရှိနေပါသေးတယ်။