ပါမောက္ခချုပ်ဆရာတော် အသည်းအကြိတ် ဆေးကုသမှု အတွက် အနားယူတာလို့ သာသနာရေးက ထုတ်ပြန်

ရေးသားခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသဟာ အသည်းမှာဖြစ်နေတဲ့ အကြိတ်အတွက် ဆေးကုမှု ခံယူဖို့ ရာထူးကနေ အနားယူလိုက်တာလို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ် ။

နေပြည်တော်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးနှီးနှောဖလှယ်ပွဲ မှာ ပါချုပ်ဆရာတော် ကြီး အနားယူမယ့်အကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုကလည်း သတင်းထောက်တွေကို အတည်ပြု ပြောခဲ့ပါတယ် ။

နိဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းကစပြီး ရာထူးက အနားယူလိုက်တာလို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါမောက္ခချုပ်ဆရာတော် အသစ် ခန့်အပ်မှုနဲ့ ပတ်သက်လို့တော့ ဘယ်လိုခန့်အပ်မယ်၊ ဘယ်သူ့ကို ခန့်အပ်မယ် ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။

အသည်းအကြိတ်ကိုဆေးကုသမှုခံယူနေ

ပါမောက္ခချုပ်ဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်မှာ ၁၉၉၉ ကနေ ၂၀၀၅ခုနှစ် အထိ ဧည့်ပါမောက္ခနဲ့ ဒုတိယပါမောက္ခချုပ် တာဝန်တွေ ယူခဲ့ပြီးတော့ ၂၀၀၅ နိုဝင်ဘာလ ၁၄ ရက်နေ့ ကနေ နိုဝင်ဘာလ၁၃ ရက် ၂၀၁၉ ရက်နေ့ထိ ပါမောက္ခချုပ်အဖြစ် ၁၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဟာ မတ်လ ၂၂ ရက်က သက်တော် (၇၉) နှစ်ပြည့် ခဲ့ပါတယ်။ ဆရာတော်ဟာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ ပါမောက္ခချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

ဆရာတော်ကြီးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ စင်ကာပူနိုင်ငံကို မကြာခဏ ကြွရောက်ပြီး ဆေးကုသမှုခံယူနေရသလို ဆေးစစ်ချက် မှတ်တမ်းအရလည်း အသည်းအကြိတ်ကို Radio Frequency Ablation(RFA)နည်းစနစ်နဲ့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သာသနာရေးဘက်က ထုတ်ပြန်ပါတယ်။

ဆရာတော်ကို စစ်ဆေးကုသပေးနေတဲ့ ဆရာဝန်ကြီးတွေက လက်ရှိ အခြေအနေမှာ အနားယူဖို့လိုအပ်ပြီး ခရီးဝေးကြွရောက်ဖို့ မသင့်လျော်ကြောင်း၊ တရားဓမ္မ ဟောပြောတာတွေကို အချိန်ကာလတစ်ခုအထိ လုံးဝရပ်နားထားဖို့ လိုအပ်ကြောင်း ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မဟနညွှန်ကြားချက်နှင့်အညီ အနားယူခွင့်ပြု

ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်က ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေအရ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ညွှန်ကြားချက်နဲ့အညီ စက်တင်ဘာလ ၂၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ်(၉/၂၀၁၉) ဆုံးဖြတ်ချက်အရ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးနဲ့ ၁၄ ကြိမ်မြောက် ပါချုပ်သက်တမ်းပြည့်တဲ့ နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းကစပြီး တာဝန်ကနေ အနားယူခွင့် ပြုတာဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။