ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီးယားအမှု အဓိကသက်သေ စီစီတီဗီ မှတ်တမ်း မူရင်းဗီဒီယို ဖိုင်တွေ ဘယ်ရောက်သွားလဲ
နေပြည်တော် မူကြိုကျောင်းတစ်ကျောင်းက မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုမှုမှာ တရားရုံးကို သက်သေတင်သွင်းထားတဲ့ စီစီတီဗီ မှတ်တမ်း မူရင်းဗီဒီယို ဖိုင်တွေဟာ ပျောက်ဆုံးနေတယ်လို့ တရားရုံးကို လာရောက်ထွက်ဆိုပေးခဲ့တဲ အိုင်တီ နည်းပညာ ကျွမ်းကျင်သူ ကိုမိုးက ဒီနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
တရားရုံးကို မူကြိုကျောင်းက သက်သေတင်ထားတဲ့ စီစီတီဗီမှတ်တမ်းတွေကို သိမ်းထားတဲ့ Hard Diskက မူရင်း ဟုတ်မဟုတ် နဲ့ ဒီအထဲ မှာ စီစီတီဗီ မှတ်တမ်းတွေ ရှိမရှိ တရားရုံးက ဥပဒေ အရာရှိကို အဲ့ဒီအိုင်တီ နည်းပညာ ကျွမ်းကျင်သူက လာပြီး ရှင်းပြတာလည်း ဖြစ်ပါတယ်။
"သက်သေခံ ပစ္စည်းထဲ မှာ ဘာမှ မပါဘူး။ ဖိုင်အလွတ် ကြီးဖြစ်နေတယ်။ ဘာဖိုင်မှ လည်းမရှိဘူး။ စီစီတီဗီ မှတ်တမ်းနဲ့ လည်း ချိတ်ထားတာ မတွေ့ ရဘူးလို့ ထွက်ဆိုခဲ့တယ်" လို့ ကိုမိုးက ဘီဘီစီကို ပြောပါတယ်။
နည်းပညာ သဘောအရ ဒီအထဲ ကဖိုင်တွေ ဟာ Hard Diskပျက်မှ သာ ဖိုင်တွေပျက်ဖို့ ရှိပြီး Hard Disk မပျက်ဘဲ ဖိုင်တွေ ဟာ သူ့ဘာသာသူ အလိုအလျောက် ပျက်သွားနိုင်တဲ့ သဘောမရှိကြောင်းလည်း သူကပြောပါတယ်။
အဲဒီဖိုင်တွေပြန်ရနိုင်လား
ဒီအထဲမှာ ရှိတဲ့ မူရင်းဗီဒီယို ဖိုင်တွေကို ပြန်ရဖို့ ဆိုတာက အခုတရားရုံးတင်သွင်းတဲ့ Hard Disk ဟာ စီစီတီဗီ မှတ်တမ်းတွေ သိမ်းတဲ့ မူရင်း ဖြစ်ဖို့ လို ပြီး မူရင်း မဟုတ်ရင်တော့ ပြန်ရဖို့ မလွယ်ဘူးလို့ လည်း သူကပြောပါတယ်။
ဒီစီစီတီဗီ Hard Diskထဲ က ဖိုင်တွေကို ရဲတပ်ဖွဲ့ကို ကျောင်းကပေးခဲ့တာဖြစ်ပြီး စီအိုင်ဒီက ပြန်ပေးတဲ့ အခါ မှာ ဖိုင်တွေ ပါမပါ မသိဘူးလို့လည်း မူကြို ကျောင်းက စီစီတီဗီတာဝန်ခံက တရားရုံးမှာပြောခဲ့ တယ်လို့ ကိုအောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကပြောပါတယ်။
အခုလို မူရင်းဗီဒီယို ဖိုင်တွေ ပျောက်ဆုံးတာကို ပြန်ရဖို့ အတွက် ရဲအရာရှိ တစ်ဦး အိုင်တီ ကျွမ်းကျင်သူနဲ့ စီစီတီဗီ ကျွမ်းကျင်သူ တို့ကို သင့်တော်တဲ့ အချိန်မှာ တာဝန်သတ်မှတ်ပေးမယ်လို့ ရုံးတော် က အမိန့်ချမှတ်ခဲ့တယ်လို့ လည်း ဒေါ်စုဒါလီအောင် ကပြောပါတယ်။
ဒါပေမယ့် တရားရုံး ကသင့်တော် တဲ့ အချိန်နဲ့ ပတ်သက်လို့ ဘယ်အချိန်ဆိုတာကို ပြောမသွားကြောင်းလည်းဒေါ်စုဒါလီအောင် ကပြောပါတယ်။
သတင်းမီဒီယာတွေ အပါအဝင် ရဲတပ်ဖွဲ့ ကရရှိခဲ့တယ်ဆိုတာ စီစီတီဗီ ဗီဒီယို ဖိုင်တွေ ဟာ အခု Hard Disk မူရင်းကနေ ကူးယူရရှိခဲ့ကြတာလည်း ဖြစ်ပါတယ် ။
မူကြိုကျောင်းက စီစီတီဗီ မှတ်တမ်းထိန်းသိမ်းသူက ဘာပြောလဲ
ကျောင်းက သက်သေ တင်ထားတဲ့ ဗီဒီယို ဖိုင် ဟာ ၁၁ ဖိုင်ဖြစ်ပြီးတော့ ကိုရန်နောင် ဌေး က Hard Disk ထဲ ကဖိုင်တွေကို ကူးပြီး ရဲကိုပေးခဲ့တယ် လို့ ဒီနေ့ တရားရုံးမှာ ထွက်ဆိုပါတယ် ။
ဖိုင်တွေ ဘာကြောင့်ပျက်နေ သလဲလို့ ဥပဒေအရာရှိ က မေးရာမှာတော ကို ရန်နောင်ဌေး က မသိပါဘူးလို့လည်း ထွက်ဆို ခဲ့ ပါတယ် ။
ကျောင်းက စီစီတီဗီ မှတ်တမ်းထိမ်းသီမ်းသူ ကိုရန်နောင်ဌေးဟာ ကျောင်းမှာ ငွေကိုင်နဲ့ စာရင်းကိုင်တာဝန်ယူထားတာဖြစ်ပြီးတော့ အိုင်တီကျွမ်းကျင်သူမဟုတ်ကြောင်းလည်း ကိုအောင်ကြီးရှေ့နေ့ ဒေါ်စုဒါလီအောင်ကပြောပါတယ်။
ဗစ်တိုးရီးယား အမှု ငါးကြိမ်မြောက် ရုံးချိန်း နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ သြဂုတ်လ ၂၈ ရက်က စစ်ဆေးခဲ့စဉ်မှာ အမှု အတွက် အရေးပါတဲ့ သက်သေတစ်ခုဖြစ်တဲ့ ကျောင်းက မူရင်း စီစီတီဗီ မှတ်တမ်း Hard Disk ကို နောက်ရုံးချိန်းမှာ တင်ဖို့ တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။
ဘာလို့ Hard Disk စစ်ဖို့ဖြစ်လာတာလဲ
သြဂုတ်လ ၂၈ ရက် ရုံးချိန်းမှာ ကျောင်းက စီစီတီဗီမှတ်တမ်းတွေ သိမ်းထားတဲ့ ကွန်ပျူတာ သမားကို စစ်ဆေးဖို့ ဆောင်ရွက်ခဲ့ပေမယ့် သူက မူရင်း စီစီတီဗီ မှတ်တမ်းတွေပါတဲ့ Hard Disk မပါရှိဘဲ အဲဒါကို ကူးယူထည့်ထားတဲ့ ကွန်ပျူတာ system ပုံးကိုပဲ ယူလာခဲ့တဲ့ အတွက် အခုတင်ပြလာတဲ့ စီစီတီဗီမှတ်တမ်းကို မစစ်ဆေးတော့ဘဲ နောက်တစ်ပတ်ရုံးချိန်းမှာမှ စီစီတီဗီ မှတ်တမ်း မူလသိမ်းထားတဲ့ Hard disk ကိုယူလာပြီး တရားရုံးကို တင်ဖို့ ပြောတာ ဖြစ်ပါတယ်။
ကွန်ပျူတာ သမားတင်သွင်းတဲ့ ကွန်ပျူတာပုံးဟာ မူရင်း စီစီတီဗီ မှတ်တမ်းရှိတဲ့ ဆီကနေ ကူးယူးထားတာသာ ဖြစ်လို့ အထဲက ဖိုင်နာမည်တွေနဲ့ ဖိုင်တွေကို ထည့်သွင်းတဲ့ ရက်စွဲ စတဲ့ ကွာခြားချက်တွေ ရှိနိုင်တယ်ဆိုတာ ကွန်ပျူတာ နဲ့ အိုင်တီ ပညာရှင်တွေက ပြောခဲ့ပါတယ်။ အဲဒီလို ပြောဆိုတာကို ဥပဒေ အရာရှိနဲ့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က လည်း တရားရုံးကို တင်ပြတဲ့ အတွက် ကွန်ပျူတာသမားယူလာတဲ့ ကွန်ပျူတာကို လက်မခံဘဲ မူရင်း စီစီတီဗီ မှတ်တမ်းပါတဲ့ Hard Disk ကိုသာ တင်ဖို့ တရားရုံးက ပြောပါတယ်။
ပျောက်သွားတဲ့ဖိုင်တွေက တော့ အခု Hard Disk သာ မူရင်းစီစီတီဗီ Hard Disk သာမှန်ရင် ရှာလို့ရကြောင်း ဘယ်လောက်ကြာမယ်ဆိုတာကို ခန့်မှန်းပြောဖို့ခက်တယ်လို့လည်း အိုင်တီကျွမ်းကျင်သူ ကိုမိုးကပြောပါတယ်။
နောက်တစ်ပတ်ဘယ်သူ့ကိုစစ်မလဲ
နောင်တစ်ပတ်ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ ကို ပြန်လည်ချိန်းဆိုခဲ့ပြီးတော့ မှုခင်းဆရာဝန်ကြီးနဲ့ ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင် ကို တရားရုံးကစစ်ဆေးဖို့ရှိနေပါတယ် ။