ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အေအေဖမ်းသွားတဲ့ ထဲက အိန္ဒိယနိုင်ငံသား တစ်ဦး သေဆုံး၊ ၉ဦးကို ပြန်လွှတ်ပေး အပါအဝင် မနက်ခင်းသတင်းများ
အေအေဖမ်းသွားတဲ့ ထဲက အိန္ဒိယနိုင်ငံသား တစ်ဦး သေဆုံး၊ ၉ဦးကို ပြန်လွှတ်ပေး
အေအေက ဖမ်းသွားတဲ့ ကုလားတန်စီမံကိန်းက အိန္ဒိယနိုင်ငံသားဝန်ထမ်း ၅ဦးထဲကမှ အသက် ၆၀အရွယ် တဦးသေဆုံးပြီး အလောင်းနဲ့အတူ ကျန်တဲ့ ၈ဦးတို့ကို နိုဝင်ဘာ ၄ရက် ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက် တယ်လို့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ဘီဘီစီကိုပြောပါတယ်။
သေဆုံးသွားတဲ့သူက အမောဆို့ပြီး သေဆုံးခဲ့တာလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူက ပြန်လွှတ်လာသူတွေနဲ့ အဆက်အသွယ်ရရှိကာ သိရှိခဲ့ရတဲ့အပေါ် ဘီဘီစီကိုပြန်ပြောပြပါတယ်။ သေဆုံးခဲ့သူ ဘယ်လိုဘယ်ပုံ သေဆုံးခဲ့တယ်ဆိုတာကိုတော့ ဆေးစစ်ချက်ရရှိဖို့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ စစ်ဆေးမှုတွေ ပြန်လုပ်ရဦးမယ်လို့လည်း သူကဆိုပါတယ်။
အဲဒီလိုပြန်လွှတ်ပေးခဲ့ပေမယ့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဆက်ခေါ်ထားတုန်းလို့ သူကပြောပါတယ်။ အဲဒီ ၉ဦးကို ကျောက်တော်မြို့နယ်ထဲကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။
အခုသေဆုံးတဲ့ အိန္ဒိယနိုင်ငံသားက ကုလားတန်စီမံကိန်းထဲက ပလက်ဝနဲ့ မြစ်ဝ အကြားလမ်းဖောက် လုပ်ရေး စီမံကိန်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီက တာဝန်ခံအကြီးတန်းအရာရှိတွေဖြစ်နိုင်တယ်လို့ ချင်းပြည်နယ် အစိုးရက ခန့်မှန်းပြောဆိုပါတယ်။
ဦးဝှေ့တင်းအပါအဝင် ၁၀ ဦးကို နိုဝင်ဘာလ ၃ရက်နေ့မနက်ပိုင်းက အေအေက ဖမ်းဆီးသွားခဲ့တာလို့ ချင်းပြည်နယ် အစိုးရက ဘီဘီစီကိုပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ဆက်ခေါ်ယူထားတာနဲ့ အိန္ဒိယနိုင်ငံသား သေဆုံးမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးပုံရိပ်အပေါ်ထိခိုက်မှု မရှိဖို့ အစိုးရချင်းဆက်သွယ်မှုတွေပြုလုပ်ဖြေရှင်းဖို့ ရှိတယ်လို့ ဦးစိုးထက်က ပြောပါတယ်။
အေအေ ရက္ခိုင့်တပ်မတော် ကိုတော့ ဒီသတင်းနဲ့ပတ်သက်လို့ နိုဝင်ဘာလ ၄ရက်နေ့ မနက်ပိုင်းအထိ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် အတည်ပြုလို့ မရ သေးပါဘူး။
Freedom Burma Ranger က ကချင်တိုင်းရင်းသား ကိုဇော်ဆိုင်းဆီးရီးယားစစ်ပွဲမှာ ကျဆုံး
စစ်ပွဲတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Freedom Burma Ranger (FBR) က ကချင်တိုင်းရင်းသား ကိုဇော်ဆိုင်း နိုဝင်ဘာလ ၃ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ FBR ကထုတ် ပြန်ပါတယ်။
ကိုဇော်ဆိုင်းက FBR မှာ ကင်မရာရိုက်ကူးသူနဲ့ ဆေးဝါးကုသမှုတွေကို လုပ်ဆောင်ပေးနေတဲ့ သူတယောက် လည်းဖြစ်ပါတယ်။
ဆီးရီးယားမှာ လက်ရှိဖြစ်နေတဲ့ တူရကီရဲ့ထိုးစစ်အတွင်း ထိခိုက်မှုရှိသူတွေကို FBR က ကူညီကယ်ဆယ်မှု တွေလုပ်ပေးနေစဉ်အတွင်းမှာ တူရကီနောက်ခံပေးထားတဲ့ စစ်တပ်က ပစ်ခတ်လိုက်တဲ့ မော်တာကျဉ်ထိမှန် ပြီး ကိုဇော်ဆိုင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။
သူ့အပြင် အခြားအီရတ်နိုင်ငံသား စကားပြန်တဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ကတော့ ကုသမှုတွေ ခံယူပြီး ပြန်လည်ကောင်းမွန်တဲ့အခြေအနေကိုရောက်နေပါပြီ။
ကိုဇော်ဆိုင်းက သူ့မကျဆုံးခင် တရက်အလိုမှာ သူ့သမီးလေးရဲ့ မွေးနေ့ပွဲကို သူ့အမျိုးသမီးနဲ့အတူ ဆင်နွဲခဲ့ ပါသေးတယ်။
အိန္ဒိယရဲ့ လေထုအရည်အသွေး အန္တရာယ်ရှိတဲ့ အခြေအနေထိ ညစ်ညမ်း
အိန္ဒိယနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှုက အန္တရာယ်ရှိတဲ့ အခြေအနေမှာရောက်နေတယ်လို့ ဒေလီမြို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အာဗစ်ကချရီဝဲလ် ကပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဒေလီမြို့အနှံ့အပြားက လေထုရဲ့ အရည်အသွေးက အန္တရာယ်ဖြစ်စေတဲ့ အခြေအနေထိကိုရောက်ခဲ့တယ် လို့ ညွှန်ပြနေပါတယ်။
အာဏာပိုင်တွေက လူထုကို ကာကွယ်မှုတွေပြုလုပ်ပြီး တက်နိုင်သမျှ အိမ်တွင်းမှာနေကြဖို့ အထူးသတိ ပေးနေပါတယ်။
ဒေလီက လေထုညစ်ညမ်းမှုနဲ့ ပက်သက်ပြီး ကူညီဖြေရှင်းပေးဖို့အတွက် ဗဟိုအစိုးရကိုလည်း အသိပေး တောင်းဆိုထားပြီလို့ မစ္စတာ အာဗစ်ကချရီဝဲလ်က ဆိုပါတယ်။
ကျောင်းတွေလည်းပိတ်ထားရသလို၊ လေယာဉ်ခရီးစဉ် ၃၀ လောက်လည်း ပြန်ရုတ်သိမ်းခဲ့ရပြီး၊ ဆောက် လုပ်ရေး လုပ်ငန်းတွေလည်းရပ်ဆိုင်းထားရပါတယ်။