ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သစ်ပင် ၇၀ ကျော် ခုတ်လှဲဖို့ပြင်နေ

ရေးသားခဲ့သည်။

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ လမ်းဖောက်ဖို့အတွက်ဆိုပြီး အာဏာပိုင်တွေက သစ်ပင်တွေ ခုတ်လှဲနေသလို နောက်ထပ် သစ်ပင်တွေခုတ်မယ့် အစီအစဉ်တွေ ရှိနေပါတယ်။

"အခုထိ ခုတ်ပြီးတာက အရွယ်အမျိုးအစားစုံ သစ်ပင် ၁၀ ပင်ကျော် ရှိပြီ" "နောက်သူတို့ ခုတ်မယ့် လျာထားသတ်မှတ်ထားတာက ၇၆ ပင် ဆိုပေမယ့် တကယ်တမ်းမှာ အဲဒီ အရေ အတွက်ထက် ပိုများနေတယ်" လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုညီဇော် က ဘီဘီစီကို ပြောပါတယ်။

ခုတ်မယ့် သစ်ပင်တွေကို အမှားခြစ်နဲ့ သတ်မှတ်ထားတယ်၊ အဲဒီသစ်ပင်တွေထဲမှာ လက်နှစ်ဖက်စာလောက်ရှိနေတဲ့ သက်တမ်းရင့် အပင်ကြီး တွေလည်းပါသလို အပင်အမျိုးအစားတွေ အနေနဲ့လည်း ကုက္ကိုပင်တွေ၊ စိန်ပန်းပင်တွေ၊ ဝါးပိုးဝါးရုံစတဲ့ အမျိုးစုံ ပါတယ်လို့ သူ က ဆက်ပြောပြပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပဖို့ အစိုးရပိုင်းအပါအဝင် ကျောင်းအာဏာပိုင်တွေက ပြင်ဆင်နေပြီး အဲဒီထဲမှာ ကျောင်းပတ်လမ်း ဖောက်လုပ်ရေးလည်း ပါဝင်ပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ချက်တခု အရ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က သစ်ပင်တွေ ခုတ်သွားတာကို မသိလိုက်ရကြောင်းနဲ့ စည်ပင်က ပြုလုပ်နေခြင်းကြောင့် အဲဒီလုပ်ငန်းတွေကို ကျောင်းက ကြီးကြပ်ဖို့ ဝန်ထမ်း အင်အား မရှိကြောင်းလည်း သိရပါတယ်။

ဒီသစ်ပင်တွေ ခုတ်နေ၊ ခုတ်မယ့်အရေးတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ ဆရာများ သမဂ္ဂက ကိုယ်စားလှယ်တွေဟာ ပါမောက္ခချုပ်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တွေ့ဆုံဆွေးနွေးခဲ့ကြသလို အရင်တုန်းက ဆွေးနွေးခဲ့ပြီးတဲ့နောက် သစ်ပင်တွေခုတ်နေတာ မရပ်သွားသေးတဲ့အတွက် နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ သမဂ္ဂ က ကျောင်းသားတချို့က ဝင်းအတွင်းမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုညီဇော်က "သူတို့အကြောင်းပြတာက တက္ကသိုလ်ပတ်လမ်းဖောက်တာက ကျောင်းတွင်း လမ်းပန်းဆက်သွယ်ရေး ပိုကောင်းဖို့ဆိုပြီး အကြောင်းပြတယ်၊ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဝင်းကို ဝင်တဲ့ ဝင်ပေါက်တွေအားလုံးကို ပိတ်ထားပြီး ပတ်လမ်းကို ဖောက်တယ်ဟာမျိုးက တကယ်တမ်းလိုအပ်လား၊ သစ်ပင်တွေကိုခုတ်ဖို့ တကယ်တမ်းလိုအပ်လားဆိုတာ ပြန်စဉ်းစားဖို့လိုတယ်" လို့ ပြောပါတယ်။