ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပဲခူးစက်မှုဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ တရုတ်ကုမ္ပဏီနဲ့ MOU လက်မှတ်ထိုး
ပဲခူးစက်မှုဇုန်နယ်မြေထဲက ရာနဲ့ချီတဲ့ မြေဧကပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ တရုတ် Jiang Nan International ကုမ္ပဏီနဲ့ ပဲခူးတိုင်းအစိုးရတို့အကြား မြေငှားရမ်းခြင်းဆိုင်ရာ နှစ် ဖက်နားလည်မှုစာချွန်လွှာ MOU ကို အောက်တိုဘာလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လက်ရှိမှာ ပဲခူးတိုင်းအစိုးရဟာ ပဲခူး-အင်းတကော်နေရာတဝိုက်က မြေဧက ၄ ထောင်ကျော်ကို စက်မှုဇုန်နယ်မြေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
တိုင်းဒေသကြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေကတော့ "အခု တရုတ်ကုမ္ပဏီက MOU လက်မှတ်ထိုးပြီး ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ လျာထားတဲ့ မြေဧကအကျယ်အဝန်းက ရာနဲ့ချီ ရှိနိုင်တယ်" လို့ ပြောပါတယ်။
သဘောတူစာချုပ်ကို တရုတ် Jiang Nan ကုမ္ပဏီနဲ့ ပဲခူးတိုင်းအစိုးရ စက်ရုံအလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီတို့အကြား ချုပ်ဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်၊ တရုတ်စီးပွားရေးသံမှူးနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
"ပဲခူးတိုင်းဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းကြောင်းပေါ်မှာရှိပြီး ရေရှည်မှာ စီးပွားရေးအရ မဟာဗျူဟာကျလာမယ့် ဒေသတစ်ခုဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ခေါ်ဆောင်လာရတာ ဖြစ်တယ်" ဆိုပြီးတော့လည်း MOU လက်မှတ်ရေးထိုးပွဲမှာ တရုတ်သံအမတ် ချန်ဟိုင်းကပြောခဲ့ပါတယ်။
"အဲ့ဒီနေရာမှာ ရင်းနှီးမြုပ်နှံမှု မျိုးစုံလာမယ်၊ ဘာလုပ်ငန်းလာလုပ်မယ်၊ ဘယ်မြေတွေ ဘယ်လိုလုပ်မလဲ ဆိုတာ မပါသေးဘူး" လို့ ပဲခူးတိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောပါတယ်။
"စက်မှုဇုန်နယ်မြေမှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အထည်ချုပ်စက်ရုံတွေ ရှိပါတယ်၊ အခုထိတော့ လုပ်ငန်းက အနည်းငယ်ပဲ ရှိပါသေးတယ်၊ နောက်ထပ် သုံးလို့ရတာတွေ အများကြီး ကျန်ပါသေးတယ်" လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။
ပဲခူးတိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေကလည်း အခုတရုတ်ကုမ္ပဏီနဲ့ MOU လက်မှတ်ထိုးထားတဲ့ မြေငှားရမ်းခြင်းဆိုင်ရာစီမံကိန်းကိုတော့ တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုကို တင်ပြမှာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အပါအဝင် ပြည်ထောင်စုအစိုးရက သဘောတူခွင့်ပြုပြီဆိုရင်တော့ စက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်လာမှာပါလို့ ပြောပါတယ်။