ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အခြေခံစပါးဈေးနှုန်း တင်းတစ်ရာကို ကျပ် ၅ သိန်းအဖြစ် အစိုးရသတ်မှတ်၊ရသေ့တောင်မှာ ဒေသခံတွေရဲ့ ပစ္စည်းတွေကို အေအေကယူဆောင်လို့ တပ်ဘက်ကထုတ်ပြန်အပါအဝင် မနက်ခင်းသတင်းများ
အခြေခံစပါးဈေးနှုန်း တင်းတစ်ရာကို ကျပ် ၅ သိန်းအဖြစ် အစိုးရသတ်မှတ်
အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်းတစ်ရာကို ကျပ် ၅ သိန်းအဖြစ် သတ်မှတ်ဝယ်ယူရမှာဖြစ်တယ်လို့ အစိုးရက အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မကြာခင်ထွက်ရှိလာတော့မယ် မိုးစပါးနဲ့ ၂၀၂၀ နွေစပါးကို ဒီဈေးနှုန်းနဲ့ ဝယ်ယူရမှာဖြစ်ပြီး အဆိုပါစပါးတွေ ဟာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိတဲ့ အဖျင်းအမှော် ဖုန် သဲ ခဲ ကင်းစင်တဲ့ စံချိန်စံညွှန်းနဲ့ညီတဲ့ စပါးဖြစ်ရမယ် လို့ လည်း ဆိုထားပါတယ်။
'' တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုး သူတို့နဲ့ လိုက်လျောညီထွေတဲ့ ဈေးနှုန်းတစ်ခုကို သတ်မှတ်လေ့ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းရော၊ အိန္ဒိယာကော တရုတ်ရော အလျှိုလျှို သတ်မှတ်ပြီးကြပါပြီ။ အားလုံးလည်း လက်ခံနိုင်တဲ့ဈေးနှုန်းဖြစ်မှာပါ။ ဒီဟာက နိုင်ငံတကာဈေးကွက်အတွက်လည်း မျှတတဲ့ ဈေးနှုန်း တစ်ခုပါ။ အောင်မြင်မယ်လို့ ထင်ပါတယ်''လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အလုပ်အမှု ဆောင် တစ်ဦးဖြစ်တဲ့ ကိုမျိုးသူရအေးက ဘီဘီစီကို ပြောပါတယ်။
ဈေးကွက်ပေါက်ဈေးက အခြေခံဈေးနှုန်းအထက်မှာရှိပါက ပေါက်ဈေးအတိုင်း ဝယ်ယူတာကို လုပ်နိုင်ပြီး ဈေးကွက်ပေါက်ဈေးက အခြေခံဈေးနှုန်းအောက်ကို ရောက်နေရင်တော့ အခြေခံဈေးနှုန်းနဲ့ပဲ ဝယ်ယူရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် တောင်သူလယ်သမားတွေအနေနဲ့ အခြေခံဈေးနှုန်းနဲ့ ရောင်းချဖို့ အခက်အခဲရှိပါကလည်း ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။
ရသေ့တောင်မှာ ဒေသခံတွေရဲ့ ပစ္စည်းတွေကို အေအေကယူဆောင်လို့ တပ်ဘက်ကထုတ်ပြန်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လွန်းတောင်မူဆလင်ကျေးရွာမှာ အောက်တိုဘာလ ၆ ရက်နေ့က ရက္ခိုင့်တပ်မတော် (အေအေ) ကနေ ဝင်ရောက်ပြီး ရွှေတွေ၊ ကျွဲနွားတွေနဲ့ဈေးဆိုင်သုံးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။
ကျွဲ၊နွားအကောင်ရေ ၄၀ ၊ ရွှေ တစ်ဆယ်သား ၊ ငွေ ၃၉သိန်းကျော်နှင့် ရွာအတွင်းကဈေးဆိုင်သုံးဆိုင်ကနေ ပစ္စည်းများ ၁၉ သိန်းကျော်ဖိုးခန့် ကိုယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။
'' ဖြစ်တာက ၆ ရက်နေ့မှာ ၇ ရက်နေ့မှာ သတင်းတွေထွက်လာတယ်။ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ သွားစစ်တယ် အဲဒီရွာကို ။ အမည်မသိ လက်နက်ကိုင်တွေဝင်လာပြီး အေအေလက်နက်ကိုင်က အယောက် ၂၀ ပါတယ်။ သပိတ်တောင်ရွာက လူတွေလည်းပါတယ်လို့ သိရတယ်'' လို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။
တပ်ဘက်က ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့
'' စွပ်စွဲနေရုံနဲ့ အမှန်တရားကပျောက်ကွယ်သွားမှာမဟုတ်ဘူး။ အဲဒီမှာ ဗမာစစ်တပ်တွေ အဲဒီရွာကို ဘယ်လိုပစ်ခတ်ပြီး ဝင်လာတယ်။ အဲဒီရွာမှာ ဘာတွေလုပ်တယ်ဆိုတာကို ရွာသားတွေကို အင်တာဗျူး ထားတဲ့ အထောက်အထားတွေအားလုံးရထားပြီးပြီ''လို့ ပြန်လည်ပြောဆိုပါတယ်။
လွန်းတောင်ရွာ ဘူးသီးတောင့်မြို့နယ်နဲ့ ရသေ့တောင်နယ်စပ်ဖြစ်ပြီး ရသေ့တောင်မြို့နယ်ဘက်ခြမ်းမှာတည်ရှိတဲ့ အိမ်ခြေ ၁၈၅ ရှိတဲ့ မူဆလင်ကျေးရွာတစ်ရွာဖြစ်ပါတယ်။
'' လက်နက်ကိုင်အဖွဲ့အစည်းက ၅ယောက်က လက်နက်နဲ့ဝင်လာပြီးတော့ လုပ်တာဟုတ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ ကျွန်တော်တို့က သတ်မှတ်ပါတယ်''လို့ အဲဒီရွာကနေ ထွက်ပြေးပြီး ဘူးသီးတောင်မြို့ပေါ်ကို ရောက်နေတဲ့ မူဆလင်လူကြီးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲကြောင့် ကျေးရွာအတော် များများမှာ လူမရှိဘဲ ဖြစ်နေရာမှာ အဲဒီကျေးရွာတွေကို မသမာသူတွေ ဝင်ရောက်ပီး ဆန်စပါးတွေကို ချယူတာ၊ ကျွဲနွားတွေကို ခိုးယူတာ၊အိမ်ပေါ်က အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာတို့ဖြစ်ပေါ်နေတဲ့အပြင် အိမ်ပေါ်ကနေ ပျဉ်တွေခွာယူပြီး ရောင်းချတာတွေလည်း ဖြစ်ပွားနေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုပါတယ်။
ဂျပန်မှာ မုန်တိုင်းမိလို့ မှောက်သွားတဲ့ သင်္ဘောပေါ်ပါ မြန်မာ ၃ ဦးအနက် ၁ ဦးပျောက်ဆုံးနေ
ပနားမားအလံလွှင့်ထူထားတဲ့ JIA DE ကုန်တင်သင်္ဘောဟာ အောက်တိုဘာ ၁၂ ရက်နေ့က ဂျပန်နိုင်ငံ ကာဝါဆာကီမြို့နားမှာ တိမ်းမှောက်သွားတာဖြစ်ပြီး သင်္ဘောပေါ် မြန်မာ ၃ဦးအနက် တစ်ဦးကတော့ ပျောက်ဆုံးနေဆဲလို့ သိရတယ်လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DMA က ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးကဘီဘီစီကိုပြောပါတယ်။
အဆိုပါ သင်္ဘောမှာ မြန်မာ၊ တရုတ်၊ ဗီယက်နမ်နိုင်ငံသားတွေအပါအဝင် စုစုပေါင်း ၁၂ ဦးပါဝင်ခဲ့ပြီး မြန်မာ နိုင်ငံသားသင်္ဘောကပ္ပတိန်အပါအဝင် ၄ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
'' ပို့တာကတော့ တိုးတက်ထူး ကုမ္ပဏီက ပို့တာ။ ကုမ္ပဏီဘက်ကတော့ တစ်ယောက်ပျောက်ဆုံးနေဆဲလို့ သတင်းပို့ထားတယ် '' လို့ ဦးဟိန်းထက်စိုးကပြောပါတယ်။
အခုတိမ်းမှောက်သွားတဲ့ JIA DE သင်္ဘောဟာ ၂၀၀၂ ခုနှစ်ကတည်ဆောက်ထားတဲ့ တန်ချိန် ၁၉၂၅ တန်ဆံ့ ကုန်တင်သင်္ဘောဖြစ်ပြီး ဂျပန်နိုင်ငံ ကာဝါဆကီမြို့ကို အောက်တိုဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
ခါ့လူမျိုးတွေကို ထိုးစစ်ဆင်နေတဲ့ တူရကီကို အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာအရေးယူပိတ်ဆို့
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ခါ့လူမျိုးလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတဲ့ တူရကီနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာအရေးယူပိတ်ဆို့တာတွေ ပြုလုပ်လိုက်ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်း လုပ်ဖို့ကိုလည်း တောင်းဆို လိုက်ပါတယ်။
တူရကီ ကာကွယ်ရေး၊ ပြည်တွင်းရေးနဲ့ စွမ်းအင်ဝန်ကြီးတွေကို နာမည်ပျက် စာရင်းသွင်းလိုက်တာဖြစ်ပြီး အမေရိကန်မှာရှိတဲ့သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့နေပါတယ်။
အိုင်အက်စ်အဖွဲကို နှိမ်နင်းရာမှာ ခါ့တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းနေတဲ့ အမေရိကန်တပ်တွေကို ရုတ်သိမ်းအပြီးမှာ တူရကီရဲ့ထိုးစစ်ပေါ်လာတာဖြစ်လို့ သမ္မတဒေါ်နယ်ထရမ့်အနေနဲ့လည်း နိုင်ငံရေးအရဝေဖန်မှုတွေခံနေရပါတယ်။