မြောက်ဦးအုပ်ချုပ်ရေးမှူးအသတ်ခံရမှု တရားခံရဲ့သားဖြစ်သူကို ရဲကထပ်တရားစွဲ၊ အင်လေးဖောင်တော်ဆွဲတဲ့လှေတိမ်းမှောက်မှုက ပျောက်ဆုံးနေသူ၃ ဦးစလုံးကို သေဆုံးလျှက်ပြန်တွေ့အပါအဝင်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

အင်လေးဖောင်တော်ဆွဲတဲ့လှေ တိမ်းမှောက်မှုက ပျောက်ဆုံးနေသူ ၃ ဦးစလုံးကို သေဆုံးလျှက် ပြန်တွေ့

အင်းလေးကန်ထဲက ထင်ရှားတဲ့ ဖော်တော်ဦး ဘုရားပွဲမှာ ဆွဲလှေတစ်စင်း အောက်တိုဘာ ၁၂ ရက် စနေနေ့ မနက်ပိုင်းမှာ တိမ်းမှောက်ခဲ့တဲ့ အတွက် လူ ၁ ဦး သေဆုံးပြီး၊ ၃ ဦး ပျောက်ဆုံးနေရာက အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ပိုင်းမှာတော့ ပျောက်ဆုံးနေသူ ၃ဦးစလုံးကို သေဆုံးလျှက် ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ဖော်တော်ဦး ဘုရားပွဲတော်အတွင်း ဗုဒ္ဓရုပ်ပွားတော်မြတ်တွေ ဒေသစာရီ ကြွချီရာမှာ ဆွဲလှေ အဖြစ် အသုံးပြုတဲ့ လှေတစ်စင်းဟာ အပြန်ခရီးမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလှေတိမ်းမှောက်မှုကြောင့် လှေပေါ်လိုက်ပါလာသူတွေအနက် သားအဖ ၂ဦးနဲ့ အတူ အသက် ၁၇နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက်၃၅နှစ်ရှိ အမျိုးသားတစ်ဦး စုစုပေါင်းလူ၄ဦး ရေနစ်သေဆုံးခဲ့ရ တာဖြစ်ပါတယ်။

အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်မြတ် လေးဆူဟာ သီတင်းကျွတ်ကာလ မတိုင်မီကနေ သီတင်းကျွတ် လပြည့်ကျော် ၄ ရက် အထိ ၁၅ ရက်ကြာ အင်းလေးဒေသက ရွာတွေကို သတ်မှတ်လမ်းကြောင်းအတိုင်း အလှည့်ကျ လှည့်လည် အပူဇော်ခံလေ့ရှိပါတယ်။

အဲဒီလို လှည့်လည် အပူဇော်ခံရမှာ ရုပ်ပွားတော်မြတ်တွေ တင်ဆောင်ထားတဲ့ ဖောင်တော်ကို ဆွဲလှေတွေ က လူတွေရဲ့ ဆွဲအားနဲ့ ပင့်ဆောင်ကြတာဖြစ်ပါတယ်။

အခုတိမ်းမှောက်သွားတဲ့ ဆွဲလှေဟာ အင်းလေးကန်ထဲမှာ လည်ပတ်တဲ့ စက်တပ်မော်တော်တွေရဲ့ အရှိန်နဲ့ မောင်းနှင်မှုကြောင့် ရေဝင်နစ်မြုပ်ရတာဖြစ်တယ်လို့လည်း ဒေါက်တာထွန်းလှိုင်က ပြောပါတယ်။

ဒါကြောင့် လူတွေ ဘေးအန္တရာယ်ကင်းဖို့ အင်းလေးကန်ထဲက အရှိန်နဲ့ အဆင်အခြင်မဲ့ မောင်းနှင်တဲ့ စက်တပ်မော်တော်တွေကို ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့လည်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ဘီဘီစီကိုပြောထားပါတယ်။

မြောက်ဦးအုပ်ချုပ်ရေးမှူးအသတ်ခံရမှု တရားစွဲခံထားရသူကိုထောင် ၁၀ နှစ်ချမှတ်ခဲ့ပြီ်း၊ သားဖြစ်သူကို ပုဒ်မ ၁၇ (၁)နဲ့ထပ်မံတရားစွဲ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဘိုဘိုမင်းသိုက်အသတ်ခံရမှုနဲ့ တရားစွဲခံထားရတဲ့ တိမ်ညိုကျေးရွာက အရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်ကို စစ်တွေခရိုင် တရားရုံးက ပုဒ်မ ၂ ခုနဲ့ ထောင် ၁၀ နှစ်ချမှတ်လိုက်ပြီး သူ့ရဲ့သားကိုတော့ တရားရုံးက တရားရှင် လွှတ်ပေးခဲ့ပေမယ့်ရဲက ထပ်မံဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေထံကသိရပါတယ်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ဟာ မြောက်ဦးကနေ ပြောင်းရွှေ့ခံခဲ့ရပြီးတဲ့နောက် ၂၁၀၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ က စစ်တွေကို ကားနဲ့အသွားမှာ ကားပေါ်သူနဲ့ အတူ လိုက်ပါသူ လူ ၃ ဦးက ပုဏ္ဍားကျွန်း မြို့နယ်အတွင်း လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး သူစီးလာတဲ့ ကားဟာလည်း မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုနဲ့ ဆက်နွယ်ပတ်သက်ပြီး အဖမ်းခံထားရတဲ့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်ကို စစ်တွေခရိုင် တရားရုံးက ဒီလ ၁၁ ရက်နေ့က ထောင် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်စီရင်ခံရတဲ့ဦးကျော်မြင့်နဲ့ အတူ ဇနီးဖြစ်သူကိုရော သားနဲ့ ချွေးမဖြစ်သူတို့ကို အုပ်ချုပ်ရေးမှူး ဘိုဘိုမင်းသိုက် အသတ်ခံရပြီး တစ်ရက်အကြာ ၂၁၀၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ရန်ကုန်မှာ ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇနီးဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ကို ပြန်လွတ်ပေးခဲ့ပေမယ့် သားဖြစ်သူ မင်းသန်းဌေးနဲ့ အတူ ဦးကျော်မြင့်ကို ဆက်ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ဦးကျော်မြင့်ကို ထောင် ၁၀ နှစ်ချပြီး သားဖြစ်သူကိုတော့ ပြစ်မှုမထင်ရှားတဲ့အတွက် တရားသူကြီး ပြန်လွှတ်ပေးခဲ့ပေမယ့် လွှတ်တဲ့နေ့မှာဘဲ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ထပ်မံ ဖမ်းဆီးပြီး အမှတ် (၁) စစ်တွေရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ မိသားစုတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က မြောက်ဦးမှာ ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားကို ကျင်းပခွင့်မရတဲ့ အတွက် ဆန္ဒပြလူအုပ်ကို ပစ်ခတ်တာမှာ လူသေဆုံးမှုရှိခဲ့ပြီး အဲဒီပစ်ခတ်မှုမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဘိုဘိုမင်းသစ်မှာ တာဝန်ရှိတယ်ဆိုပြီး အေအေကနေ ကြိုတင်သတ်ဖြတ်ဖို့ စီစဉ်ခဲ့တာဖြစ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အေအေဘက်ကတော့ ဒီစွပ်စွဲချက်အပေါ် ငြင်းဆိုထားခဲ့ပါတယ်။

တူရကီနဲ့ တိုက်ပွဲကြား ခါ့လူမျိုးတွေဘက်က ဆီးရီးယားအစိုးရတပ်တွေ ဝင်ကူမယ်

ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့ ခါ့လူမျိုး လက်နက်ကိုင်တပ်တွေက ဆီးရီးယားအစိုးရဟာ နိုင်ငံ့မြောက်ပိုင်းမှာဖြစ်နေတဲ့ တူရကီရဲ့ ထိုးစစ်ကို ရင်ဆိုင်ဖို့ သူတို့ဆီကို အစိုးရတပ်တွေစေလွှတ်သွားဖို့ သဘောတူလိုက်ပြီလို့ ပြောပါတယ်။

အစိုးရတပ်တွေကို နိုင်ငံမြောက်ပိုင်းကို ဖြန့်ကြက်ထားလိုက်ပြီလို့ ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက အစောပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

တူရကီဟာ သူ့နယ်စပ်နဲ့ ဆီးရီးယားတစ်လျှောက်ကနေ ခါ့တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ နယ်စပ်မှာ ထိုးစစ်ဆင်တာတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ စတင်ခဲ့ တာပါ။

အဲဒီနယ်မြေထဲမှာ အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ ခါ့ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး ထိန်းချုပ်ရာနေရာတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အကြီးအကျယ် ဗုံးကြဲတာခံခဲ့ရပြီး တူရကီဟာ နယ်စပ်မြို့ ၂ မြို့အထိ ချီတက်ထားနိုင်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးမှာ အရပ်သားနဲ့ တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အိုင်အက်စ်အဖွဲ့ကို ခါ့တွေနဲ့အတူ တိုက်ခိုက်နေတဲ့ အမေရိကန်တပ်တွေ ရုတ်သိမ်းပြီးမှာ တူရကီရဲ့ ထိုးစစ်ထွက်ပေါ်လာတာဖြစ်ပြီး တူရကီရဲ့လုပ်ရပ်ကိုရော၊ တပ်ပြန်ရုတ်တဲ့ အမေရိကန်ကိုရော နိုင်ငံတကာ က ဝေဖန်နေပါတယ်။