ရန်ကုန်တိုင်း အစိုးရ မြေကွက်လျှောက်လွှာတွေ အောက်တိုဘာ ၁၆ ရက်မှ ပြန်ရောင်းမယ်

ရေးသားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရက လူတစ်ဦးကို တစ်စောင်နှုန်းနဲ့ ရောင်းချပေးနေတဲ့ မြေကွက် ဝယ်ယူခွင့် လျှောက်လွှာ ရောင်းတာကို သီတင်းကျွတ် ရုံးပိတ်ရက်ကာလမှာရပ်ထားမှာ ဖြစ်ပြီးတော့ အောက်တိုဘာ လ ၁၆ ရက်နေ့ မှ ပြန်လည်ရောင်းချဖို့ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက လူအုပ်က အတင်းတိုးတာကြောင့် လျှောက်လွှာရောင်းနေတဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး မှာ လုံခြုံရေး မထိန်းနိုင် ဖြစ်ပြီး တန်းပျက်သွားလို့ လျှောက်လွှာ အရောင်း ရပ်သွားခဲ့ပြီးညနေပိုင်းမှာတော့ ပြန်ရောင်းခဲ့ပါတယ်။

လူတချို့ဟာ တစ်ညလုံး တန်းစီပြီးစောင့်နေကြတာ ဖြစ်ပြီးတော့ လျှောက်လွှာအရောင်းရပ် သွားတာရယ်၊ အတင်းတိုးတဲ့သူတွေက ရှေ့ရောက်သွားတာရယ်ကြောင့် အစိုးရ ရဲ့အစီအမံကို ဒေါသတကြီးနဲ့ အော်ဟစ် ဝေဖန် ခဲ့ကြပါတယ်။

တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကတော့ အခုလို မျိုး တစ်နေရာထဲ ရောင်းနေမယ့်အစား မြို့နယ်အလိုက် နေရာခွဲပြီး ရောင်းသင့်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

"ဒီမနက်က လူတွေတအားများတော့ တံခါးက အတင်းတိုးလို့ ပွင့်သွားလို့ ရုံးအောက်ကို ပိတ်ထားလိုက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာတဲ့ အခါ မှာတော့ အားလုံးထိန်းနိုင်ပါတယ်" လို့လည်းဒေါက်တာစောနိုင်ကပြောပါတယ်။

တိုကင်စနစ် လုပ်ပေမယ့်လည်း သိပ်အဆင်မပြေသလို တိုကင်ပြန်လည်ရောင်းချတာတွေ၊ နေရာ ပြန်ရောင်းတာတွေကလည်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရုံးတဝိုက် မှာ ရှိနေတယ်လို့လည်း တောင်ဥက္ကလာ ဒေသခံ တွေ ကပြောပါတယ် ။

အောက်တိုဘာ ၁၀ရက်က လျှောက်လွှာကို ရုံးပိတ် ၄ နာရီခွဲမှာ ရပ်လိုက်ပြီးတော့ အပြင်က ကျန်တဲ့သူတွေကို နာမည် စာရင်း ကောက်ထားပြီး အောက်တိုဘာ လ ၁၆ ရက် မှာ သူတို့ကို ပြန်ရောင်းပေးဖို့ စီစဉ်ပေးလိုက်တယ်လို့လည်း ဒေါက်တာစောနိုင်က ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရက လူနေထိုင်ဖို့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် မြေနေရာတွေ ကိုအောက်တိုဘာလ ၇ ရက်နေ့ ထုတ်ရောင်းနေတာဖြစ်ပြီးတော့ ပထမအဆင့်အနေနဲ့ မြေကွက် ၅၀၀ ကျော်ကို ထုတ်ရောင်းမယ်လို့ ရန်ကုန်မြို့တော်စည်ပင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြေတွေ ထုတ်ရောင်းတာမှာ ဝယ်ယူနိုင်မယ့်သူကို ကန့်သတ်မထားဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

ဒီမြေတွေကို အဖွဲ့အစည်းရော၊ ပုဂ္ဂိုလ်တစ်ဦးချင်းရော ဝယ်ယူနိုင်တယ်လို့ သူက ပြောပါတယ်။

မြေတွေကို တစ်ဦးချင်း အိမ်ဆောက်နေထိုင်မယ့်သူတွေနဲ့ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အိမ်ရာစီမံကိန်း အကောင်အထည် ဖော်မယ့်သူတွေ စသဖြင့် ထုတ်ရောင်းသွားမယ်လို့ သိရပါတယ်။

ရန်ကုန်အစိုးရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနေရာတွေကို ရောင်းချနေရာမှာ စုစုပေါင်း မြေဧက တစ်သောင်းသာ ရောင်းချပေးနိုင်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက အောက်တိုဘာ ၉ရက်မှာ ဘီဘီစီကိုပြောပါတယ်။

အဲဒီရောင်းချမယ့် မြေဧက တစ်သောင်းအတွက် ဝယ်ယူလိုသူတွေက လျှောက်လွှာရောင်းချနေတဲ့ အောက်တိုဘာ ၇ရက်ကစပြီး နိုဝင်ဘာ ၈ရက်အထိ လျှောက်လွှာဝယ်ယူ လျှောက်ထားနိုင်တယ် လို့ ဦးသန်းက ပြောပါတယ်။

လာဝယ်သူတွေကတော့ အစိုးရအနေနဲ့ လျှောက်လွှာရောင်းတာကို စနစ်တကျ ကိုင်တွယ် ပြီး လုပ်စေချင်တယ်လို့ပြောပါတယ်။

ရောင်းချရေးကော်မတီက မြေလျှောက်လွှာတစောင်ကို ကျပ်တစ်သောင်းနှုန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။

စရောင်းတဲ့ စက်တင်ဘာ ၇ရက်မှာပဲ ထောင်ချီတဲ့ လျှောက်လွှာတင်တဲ့သူတွေ ရှိတယ်လို့ ပထမဆုံး နေ့မှာပဲ လျှောက်ထားဖို့သွားခဲ့တဲ့ အင်းစိန်မြို့နယ်က ဒေါ်မိုးမြင့်သန်းက ဘီဘီစီကိုပြောပါတယ်။

အောက်တိုဘာ လ ၁၆ ရက်နေ့ဟာ သီတင်းကျွတ် ရုံးပိတ်ရက် ၅ ရက် အပြီး ပြန်ဖွင့်တဲ့ ရက်ဖြစ်လို့ ဝယ်သူတွေ အခုထက်များလာနိုင်တာကြောင့် လျှောက်လွှာဝယ်ဖို့ စီစဉ်နေသူတွေက အခုလိုမျိုး လူအုပ်နဲ့ ထပ်တိုးပြီး တန်းပျက်မှာကို စိုးရိမ်နေကြပါတယ်။