ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူးယစ်ဆေးဖြတ်ကျမ်းစာသင်တန်းကျောင်းကို စီးနင်းမှု ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့ပေမယ့် တုံ့ပြန်မှုမရသေး အပါအဝင်မနက်ခင်းသတင်းများ
မူးယစ်ဆေးဖြတ်ကျမ်းစာသင်တန်းကျောင်းကို စီးနင်းမှု ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့ပေမယ့် တုံ့ပြန်မှုမရသေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောက်ဖော်ဖောင်းရွာက ခရစ်ယာန် မူးယစ်ဆေးဖြတ် ကျမ်းစာသင်တန်းကျောင်းထဲ စီးနင်းရှာဖွေခဲ့မှုအပေါ် ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတထံကို စာပို့တင်ပြ ထားပေမယ့် တုံ့ပြန်မှု တစုံတရာမရသေးဘူးလို့ အဲဒီကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးဆိုင်းအောင်က အောက်တိုဘာ ၃ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။
အဲဒီကျောင်းကို စက်တင်ဘာ နောက်ဆုံးအပတ် မနက် ၃နာရီအချိန်က ရဲအပါအဝင်၊ အရပ်ဝတ်နဲ့ စုစုပေါင်း ခန့်မှန်းလူအင်အား ၂၀ကျော်လောက်က ဝင်ရောက်ရှာဖွေတာ၊ ဆေးဖြတ်နေတဲ့ သင်တန်း သားတွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို ကြည့်ရှုတာတွေကို လုပ်ခဲ့တယ်လို့ သူကပြောပါတယ်။
ကျောင်းအတွင်းဝင်ရောက်ရှာဖွေမှုတွေလာလုပ်တဲ့အပြီး လေးရက်မြောက် စက်တင်ဘာ ၃၀ရက်နေ့မှာ သမ္မတနဲ့ ပြည်နယ်ဝန်ကြီးချုပ်စီ ဖြေရှင်းပေးဖို့ စာပေးပို့ခဲ့တာပါ။
အဲဒီလိုရှာဖွေ၊ ကြည့်ရှုမှုပြီးချိန်မှာတော့ သင်တန်းထဲမှာ အသုံးပြုနေတဲ့ တရုတ်စကားပြောစက် ၅လုံးကို အသုံးပြုနေလို့ ဆက်သွယ်ရေးပုဒ်မ ၆၇နဲ့ သင်တန်းရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးဆိုင်းအောင်ကို မြစ်ကြီးနား ရဲစခန်းကအမှုဖွင့်ကာအရေးယူခဲ့တယ်လို့ ကျောင်းရဲ့ နာယကဖြစ်သူ ရှောင်လာက ဘီဘီစီကို အောက်တိုဘာ ၃ရက်မှာပြောပါတယ်။
ဆက်သွယ်ရေးပုဒ်မ ၆၇က လိုင်စင်မရှိပဲ ဆက်သွယ်ရေးပစ္စည်းတခုခုကို လက်ဝယ်ကိုင်သူ ဘယ်သူ့ကိုမဆို တနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ကို ဖြစ်စေချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။
"ကျောင်းကိုလာပြီး စစ်တာဆေးတာက ဘာကြောင့်ဆိုတာကိုလုံးဝဘာမှမပြောဘူး။ အဲဒီအတွက် သမ္မတ နဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုစာတင်ထားတယ်ဘာမှမထူးသေးဘူး။ ဒါမို့ ဒီရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ကို လူကိုယ်တိုင်တွေ့ဆုံဖို့ စီစဉ်ထားတယ်" လို့ တရားစွဲခံထားရသူ ဦးဆိုင်းနော်က ဘီဘီစီကိုပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေစာရင်းမှာ ရုရှား၊ မြောက်ကိုရီးယားတို့နဲ့အတူ မြန်မာနိုင်ငံကလည်း ပါဝင်နေပါတယ်။
ရခိုင်မှာ ၈လအတွင်း တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား တသောင်းကျော်က ရှစ်ရာကျော်သာ အလုပ်ရ
ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ရှစ်လအတွင်း တရားဝင်အလုပ်သမား မှတ်ပုံတင်ထားသူ ဦးရေအလုပ်သမား တသောင်းကျော်က ရှစ်ရာကျော်သာ အလုပ်အကိုင်ရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရက အောက်တိုဘာ ၃ရက်မှာထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်တွေကို အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။
ရခိုင်တပြည်နယ်လုံး အစိုးရရဲ့သက်ဆိုင်ရာဝန်ကြီးဌာနထံမှာ လာရောက်တရားဝင်မှတ်ပုံတင်တဲ့ အလုပ်သမားဦးရေက ၁၀,၅၁၉ အထိရှိပြီး အလုပ်အကိုင်ရရှိတဲ့ ဦးရေက အဲဒီအရေအတွက်ရဲ့ ခန့်မှန်းခြေ ၆ရာခိုင်နှုန်းခန့်သာရှိတဲ့ ၈၅၉ ဦးသာအလုပ်အကိုင်ရရှိတာဖြစ်ပါတယ်။
၂၀၁၄ခုနှစ်သန်းခေါင်းစာရင်းအချက်အလက်အရ ရခိုင်ပြည်နယ်က ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်နဲ့ တိုင်းတွေစာရင်းထဲမှာ ပါရှိပါတယ်။
အခု ၈လအတွင်းမှာတော့ ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှပ်နံှမှုလုပ်ငန်း ၂၅ခု၊ နိုင်ငံခြား ရင်းနှီးမြှပ်နံှမှု လုပ်ငန်း ၂၈ခု၊ တို့ကိုသက်ဆိုင်ရာ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ဌာနတွေက ခွင့်ပြုကာ၊ လုပ်ကိုင်ခွင့်ပေးထားတယ်လို့ ပြည်နယ်အစိုးရထံက သိရပါတယ်။
ဒါ့အပြင် အဲဒီ ၈လအတွင်းမှာပဲ ပြည်နယ်အတွင်းက အငယ်စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင် ၃၇ဦးကို ငွေချေးနိုင်ရန်ထောက်ခံချက်ပေးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
သမ္မတနေရာကဖြုတ်ချဖို့ ကြိုးပမ်းတဲ့ အမတ်ကို သိက္ခာမဲ့သူလို့ ထရမ့်တိုက်ခိုက်ပြောဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ကို ပြစ်တင်စွပ်စွဲပြီး ရာထူးကနေဖြုတ်ချဖို့ ကြိုးစားနေတဲ့ ဒီမိုကရက် ပါတီလွှတ်တော်အမတ်တွေဟာ အချိန်ဖြုန်းနေတာပဲလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
မစ္စတာထရမ့်က အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌလည်းဖြစ် ဒီမိုကရက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ အဒမ် ရှစ်ဖ်ဟာ သိက္ခာမဲ့သူတစ်ယောက်လို့ တိုက်ခိုက်ပြောဆိုပါတယ်။
မစ္စတာ ရှစ်ကတော့ သမ္မတထရမ့်အစိုးရဟာ သမ္မတထရမ့်နဲ့ ယူကရိန်းသမ္မတတို့ ဖုန်းပြောဆိုမှုကို စုံစမ်းနေတဲ့ ကော်မတီရဲ့အားထုတ်မှုကို ကဖျက်ယဖျက်လုပ်ဖို့ ကြိုးစားနေတာလို့ပြောပါတယ်။
သမ္မတထရမ့်ဟာ သူ့နဲ့ ပြိုင်ဘက်သမ္မတ လောင်းဖြစ်လာနိုင်သူ ဂျိုးဘိုင်ဒန်ကို အဂတိလိုက်စားမှုနဲ့စုံစမ်းဖို့ ယူကရိန်းသမ္မတနဲ့ဖုန်းပြောဆိုချိန်အတွင်း တိုက်တွန်းခဲ့တာဟာ ရာထူးအာဏာကို အလွဲသုံးတာဆိုပြီး စွပ်စွဲခံနေရတာပါ။