ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထူးချွန်ကျောင်းသားကျောင်းသူတွေကို အစိုးရကျောင်းတွေ ပိုမွေးထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
တက္ကသိုလ်ဝင်စာမေးပွဲတွေဟာ လူမှုရေးသာမက စီးပွားရေးနဲ့ နိုင်ငံရေးတွေနဲ့လည်း ဆက်နွယ်အရေးပါနေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၀ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို ဆုချီးမြှင့်ပွဲမှာပြောကြားလိုက်ပါတယ်။
ကလေးတွေ အသက် ၅ နှစ်က စကျောင်းတတ်ရတဲ့အကြောင်းရင်းက အနာဂတ်လူကြီးဖြစ်လာချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး ဘဝရပ်တည်နိုင်ဖို့ပဲ ဖြစ်ပြီး ဒါကြောင့်လည်း ကျောင်းတွေက သင်ပေးတဲ့ ပညာတွေဟာ နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးအနေအထားနဲ့ ကိုက်ညီဖို့အရေးကြီးတယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။
ဒါကြောင့် ၂၀၁၆-၂၀၂၂ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲခဲ့ပြီး ဒီစီမံကိန်း ဘယ်လောက် အောင်မြင် သလဲဆိုတာကို စဉ်းစားတဲ့အခါ တက္ကသိုလ် ဝင်စာမေးပွဲ ရလဒ်တွေကိုထည့်သွင်းစဉ်းစားရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေသူများလာပေမယ့် အောင်နှုန်းမတတ်တာ၊ တိုင်းနဲ့ပြည်နယ်ကြား အောင်ချက် ကွာခြားမှုတွေရှိနေတာ၊ ကျောင်းသူကျောင်းသူတွေသင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ အားကောင်းလာတယ်လို့ အတိုင်ပင်ခံက ဆက်ပြောပါတယ်။
ဒါပေမဲ့ ထူးချွန်ကျောင်းသားကျောင်းသူအများစုဟာ ပုဂ္ဂိလိကကျောင်းက ဖြစ်နေတာကိုသတိပြုမိတယ်လို့ လည်း ထောက်ပြထားပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာ ကျူရှင်စနစ်ပပျောက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
'ကျွန်မတို့ခေတ်မှာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ် ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကိုဝင်ငွေပေါက် ပိတ်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ဆရာမများ ရှိနေတယ်ဆိုတာ ကြားရ၊ သိရတဲ့အခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုစိတ်ထားတွေကို ပယ်ဖျက်ပြီး၊ တစ်နိုင်ငံလုံး လင်းထိန်လာစေမယ့် ပညာရောင်ကို ထုတ်ဝေပေးချင်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ကျေ သည်ထက် လွန်အောင် ဆောင်ရွက်ပေးကြပါလို့ ဆရာ၊ဆရာမ အားလုံးကို မေတ္တာရပ်ခံ ချင်ပါတယ်'
ဆရာဆရာမတွေကိုလည်းကျောင်းသားမိဘတွေက ဝိုင်းကူကြဖို့ သူက ဆက်လက်မေတ္တာရပ်ခံပါတယ်။
တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသားကျောင်းသူတွေထဲမှာ အစိုးရကျောင်းကထက် ပုဂ္ဂိလိကကျောင်းတွေက ပိုများနေပြီး အစိုးရကျောင်းတွေကလည်း ထူးချွန်ကျောင်းသားတွေပိုမွေးထုတ်ကြဖို့ သူက တိုက်တွန်းပါတယ်။
'အစိုးရကျောင်းများ အရည်အသွေးမြင့်မားပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ မွေးထုတ်နိုင်စွမ်းအား ကောင်းတာကို မြင်ချင်တာဖြစ်ပါတယ်။ အကောင်းဆုံး ပညာသင်ကြားရေးကို အများရရှိနိုင်တဲ့ စနစ်ရှိခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုနဲ့ အေးချမ်းတည်ငြိမ်မှုကို အားပေးပါတယ်။ မိသားစုရဲ့ ဓနအင်အား များသည် နည်းသည်ဖြစ်စေ၊ ထက်မြက်တဲ့ကလေးများ ထူးချွန်နိုင်ဖို့အတွက် အခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် နိုင်ငံရဲ့ငုပ်နေတဲ့စွမ်းအားတွေ ဖူးပွင့်ဝေဆာလာနိုင်မှာ ဖြစ်ပါတယ်' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ရှိမှာ ၂၀၁၆-၂၀၂၀ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းစတင်အကောင်အထည်ဖော်နေပြီး စနစ်သစ်အရ သူငယ်တန်း KG ကနေ ၁၂ တန်းထိ တက်ရောက်ရမှာဖြစ်ပါတယ်။ ဆယ်တန်းလို့သိကြတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကတော့ ၂၀၂၁ ခုနှစ်နောက်ဆုံးဖြေရမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်စာမေးပွဲမရှိတော့ဘဲ ၁၂ တန်းထိ တက်ရောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်တန်းကနေ တတိယတန်းအထိ စာမေးပွဲမရှိဘဲ ကျောင်းသားကျောင်းသူတွေရဲ့အရည်အချင်းသတ်မှတ်ချက်ကို စိစစ်အကဲဖြတ်တဲ့လုပ်ငန်းစဉ်သာရှိမှာဖြစ်ပါတယ်။