ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မော်လမြိုင်က နာမည်ကျော် ငါးနှပ် ငါးတွေမှာ ဖော်မလင်ပါလို့ ဒေသခံတွေစိုးရိမ်
ပြီးခဲ့တဲ့အပတ်က မော်လမြိုင်မှာစစ်ဆေးဖျက်ဆီးခဲ့ရတဲ့ ဖော်မလင်ပါတဲ့ငါးနှပ်တွေဟာ ကျိုက္ခမီဘက်က လာတာဖြစ်ပြီး အဲဒီဘက်က ရေလုပ်ငန်းပိုင်ရှင်တွေနဲ့ ရေလုပ်သားတွေဆီကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကွင်းဆင်းပညာပေးတာ၊ သတိပေးတာတွေလုပ်ဖို့ စီစဉ်နေပြီလို့ သက်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
မော်လမြိုင်က ငါးလက်ကားဒိုင်တွေဆီကို ထိုင်းနိုင်ငံဘက်နဲ့ ပြည်တွင်းလမ်းကြောင်းကနေ ငါးတွေ ဝင်လာတာတွေရှိပြီး အခုဖော်မလင်ပါတဲ့ငါးနှပ် တွေဟာ ကျိုက္ခမီ ဘက်ကဖြစ်တယ်လို့ ကွင်းဆင်းစစ်ဆေး မှုမှာ ပါဝင်ခဲ့တဲ့ ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဌာနမှူး ဒေါက်တာစိုးနိုင်က ပြောပါတယ်။
တာရှည်ခံဆေးတွေထည့်ထားတဲ့ ငါးတွေကိုတွေ့ရှိခဲ့ရတဲ့ ငါးဒိုင်လေးခုကတော့ ဖော်မလင်သုံးစွဲမှုမရှိဘူးလို့ ငြင်းဆိုထားတာပါ။
"ငါးတွေဖမ်းတဲ့လမ်းကြောင်းကတော့ ပင်လယ်ကနေလာတယ်၊ ဖမ်းပြီးတော့ သက်ဆိုင်ရာ ဒီလှေဆိပ်တွေ ရောက်တယ်၊ လှေဆိပ်က နေတစ်ဆင့် ကားတွေနဲ့ပို့တယ်ဆိုတော့ သယ်ဆောင်ရာ လမ်းကြောင်းထဲက မူလပင်ရင်း ထွက်ရှိတဲ့နေရာမှာလည်း လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ရှိတာပေါ့နော်၊ ဒီလမ်းကြောင်းပေါ်မှာပဲ ဖော်လမင်ကိုသုံးစွဲထားတာလား၊ ဒါမှမဟုတ်လည်း ပင်ရင်းနေရာမှာသုံးစွဲထားတာလား ဆိုတာကိုတော့ လောလောဆယ်မှာ အဖြေ မရသေးပါဘူး" လို့ ဒေါက်တာစိုးနိုင်ကဆိုပါတယ်။
လက်ရှိမှာ အဲဒီဒိုင်လေးဒိုင်ကို စီမံခန့်ခွဲမှုနည်းလမ်းအရ ခံဝန်ရေးထိုးစေခဲ့ပြီး ငါးအချိန် ၁၈၀ ကျော်ကိုလည်း မြေမြှုပ်ဖျက်ဆီးခဲ့တယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။
ပြည်တွင်းအစားအသောက်တွေမှာ တာရှည်ခံဆိုးဆေးတွေထည့်သွင်းတဲ့ ပြဿနာဟာ တစ်နေ့ တစ်ခြား ကြီးထွားလာနေပြီး ဒါကို အရေးယူကိုင်တွယ်မှုလည်း အားနည်းတယ်လို့ ဝေဖန်ထောက်ပြ သူတွေလည်း ရှိနေတာပါ။
မွန်ပြည်နယ်မှာ တာရှည်ခံဆေးဝါးတွေသုံးထားတဲ့အစားအသောက်တွေ မကြာခဏ ဖမ်းမိလေ့ရှိပေမယ့် ဒေသရဲ့နာမည်ကျော် ဟင်းလျာ တစ်မျိုးဖြစ်တဲ့ ငါးနှပ်ငါးတွေမှာ ဖော်မလင်တွေပါလို့ သိမ်းဆည်းဖျက်ဆီးခဲ့ရတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။
ငါးနှပ်ဟာ မွန်ပြည်နယ်မှာ မပါမဖြစ်ဟင်းလျာလို ဒေသခံတွေနှစ်နှစ်ခြိုက်ခြိုက်စားတဲ့ငါးဖြစ်ပြီး ဒီငါးကို အခြောက်လှမ်းရင် အာပြဲခြောက်လို့လည်း လူသိများပါတယ်။ ဒီလို လူကြိုက်များတဲ့ ငါးအမျိုးအစားမှာ ဖော်မလင်ပါတဲ့သတင်းကြောင့် ဒေသခံလူထုရဲ့ စိုးရိမ်ပူပန်မှုလည်း မြင့်တက်လာနေတာပါ။
လောလောဆယ်မှာတော့ အစားအသောက်တွေမှာ တားမြစ်ပစ္စည်းတွေသုံးစွဲတာကို တစ်နေရာမဟုတ် တစ်နေရာမှာတွေ့နေရပြီး ဒါတွေကို တင်းတင်းကျပ်ကျပ် အရေးယူပေးဖို့ မော်လမြိုင်က အိမ်ရှင်မတစ်ဦးက ဘီဘီစီကို အခုလိုပြောပါတယ်။
'အဓိကက မွန်ပြည်နယ်မှာက ငါးနှပ်ဆိုတာက အရမ်းကိုသဘောကျတဲ့လူတွေများတာပေါ့နော်၊ သဘောကျကြတော့ ငါးနှပ်မှာ သူတို့က ဒီလိုမျိုးထည့်လိုက်တော့ စားသုံးလိုက်တဲ့ကိုယ့်ရဲ့မိသားစု ဥပမာ ကလေးတွေရော လူကြီးတွေရောစားသုံးလိုက်တာနဲ့ တစ်ပြိုင်နက် ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ထိခိုက်လာနိုင်မယ်ဆိုတာ သိသာတယ်လေ။ ဒါက အရမ်းကိုစိုးရိမ်ရတဲ့အခြေအနေတစ်ခုပေါ့နော်။ စိတ်ပူသွားတာပေါ့၊ လတ်တလော အခြေအနေမှာဆိုရင် ငါးတွေကို မစားရဲတဲ့ စိတ်တွေဝင်လာတဲ့အထိ ကိုဖြစ်လာစေတယ်'။
ဖော်မလင်ရဲ့ ဆိုးကျိုး
ဖော်မလင်မှာ ပါဝင်တဲ့ Formaldehyde (ဖော်မင်းဒီဟိုက်) ဒြပ်ပေါင်းဟာ အငွေ့သဘောနဲ့ရှိပြီးတော့ စက်မှုကုန်ကြမ်းပစ္စည်းတွေ တာရှည်ခံ အောင်လုပ်တဲ့နေရာမှာ သုံးစွဲရတာဖြစ်ပါတယ်။
ကြမ်းသုတ်ဆေး၊ ကြမ်းခင်းဆေးတွေ၊ သစ်သားပရိဘောဂအထည်တွေပြုလုပ်ရာမှာ သုံးရတာဖြစ်ပြီး ဒီဒြပ်ပေါင်းကို အစားအသောက်တွေမှာ ကြာရှည်ခံအောင်လို့ တလွဲသုံးစွဲနေကြတာ ဖြစ်ပါ တယ်။ ဒါကြောင့် ဈေးကွက် ထဲမှာ ရောင်းချနေတဲ့အစားအသောက်တွေကို နမူနာယူပြီး အခါအားလျော်စွာ စစ်သလို ရှောင်တခင်လည်း စစ်ဆေးနေတာ တွေလည်းရှိကြောင်း ဒေါက်တာစိုးနိုင်က ဆိုပါတယ်။
ဖော်မလင်ဟာ ခန္ဓာကိုယ်မှာ မျက်စိလိုမျိုးနေရာနဲ့ထိတွေ့မယ်ဆိုရင် မျက်ခမ်း စပ်ဆိုတဲ့ မျက်စိနာခြင်း၊ အရေပြားယားယံခြင်းတို့ဖြစ်ပွားနိုင်ပြီး ပမာဏများများ ထိတွေ့မယ်ဆိုရင်တော့ အရေပြားလောင်ကျွမ်းခြင်း၊ အငွေ့တွေကို ခပ်များများရှူမိတယ်ဆိုရင်လည်း အဆိပ်သင့်တာတွေဖြစ်နိုင်ပါတယ်။
ထိတွေ့မှုတွေကြာလာတာနဲ့အမျှ ကျောက်ကပ်၊ အသည်း ပျက်စီးသွားနိုင်ပြီး မျိုးပွားအင်္ဂါရပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကင်ဆာရောဂါဖြစ်နိုင်ခြေများပါတယ်လို့ ဒေါက်တာစိုးနိုင်က ဖော်မလင်ဆိုးကျိုးတွေကို ရှင်းပြပါတယ်။
မြန်မာနိုင်ငံတဝန်းက ဈေးတွေမှာလည်း ဖော်မလင် အပါအဝင် တားမြစ်ဆေးသုံးစွဲထားတဲ့ စားသောက်ကုန်တွေ အထူးသဖြင့် ပဲပြား၊ ပဲသွေး၊ မုန့်ဖတ်၊ မျှစ် စတာတွေကို မကြာခဏစစ်ဆေးတွေ့ရှိရပြီး ရောင်းချတာကို အာဏာပိုင်တွေ က တားမြစ်တာ တွေရှိခဲ့ပါတယ်။
ငါးတင်မက တခြားအသားငါးတွေကအစ သေသေချာချာ စစ်ဆေးစေလိုပြီး ဖော်မလင် တစ်ခုတည်းမဟုတ်ဘဲ ကြာရှည်ခံတခြားဆေးဝါး တွေထည့်ထားမထားကို ဓာတ်ခွဲခန်းတွေနဲ့ စစ်ဆေးပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းလိုပြီး ဒါမှသာ ပြည်သူတွေအတွက် လုံခြုံစိတ်ချရမယ်လို့ မော်လမြိုင်ဒေသခံတွေက ဆန္ဒရှိနေကြပါတယ်။