ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘူးလက်ဦးလှဆွေကိုဖမ်းဖို့ ရဲတပ်ဖွဲ့မှာ အကြောက်တရားတွေ ရှိနေသလား
နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲထားတဲ့ ဘူးလက်ဦးလှဆွေနဲ့ ဦးဝီရသူ တို့ကို ဖမ်းဆီးဖို့ရာမှာ ရဲတပ်ဖွဲ့ဝင်အချို့မှာ အကြောက်တရားတွေ ရှိနေတယ်လို့ ယူဆရတယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောပါတယ်။
"အင်တိုက်အားတိုက်နဲ့ ရှာပြီးဖမ်းလိုက်ရင်ရပါတယ်။ တကယ်လို့ဖမ်းမိသွားရင် မခိုင်းဘဲနဲ့ ဘာလို့လုပ်တာလဲ ဆိုတာမျိုးရှိလာနိုင်လို့ အကြောက်တရားနဲ့ကြောင့် ချိန်ဆနေကြလို့ မဖမ်းမိတာလားလို့ယူဆပါတယ်"လို့ လည်း သူက ဘီဘီစီကို ပြောပါတယ် ။
ရဲတပ်ဖွဲ့က သတင်းအချက်လက်ရရှိမှုတွေ အကန့်အသတ်ရှိနေသလားလို့ ဘီဘီစီက မေးရာမှာတော့ "သတင်းအချက်လက် ထောက်လှမ်းတဲ့စနစ်ကလည်း အရင် အတိုင်းပါပဲ။ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးလုပ်ရတဲ့ စနစ်ပါပဲ ထူးထွေပြီး မပြောင်းလဲပါဘူး "လို့ လည်းသူကပြောပါတယ်။
တရားရုံးက ဖမ်းဝရမ်းထုတ်တာဆိုရင် တရားရုံးက ရဲတပ်ဖွဲ့ကို ခိုင်းတာပဲ။ အဲဒီ့ရဲစခန်း တာဝန်ရှိသူတွေနဲ့ ဆိုင်တာပဲ။ သူတို့က မမိရင်တော့ သူတို့မှာ တာဝန်ရှိတာပေါ့လို့လည်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အစိုးရကတရားစွဲထားတဲ့ ဦးလှဆွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၂အရ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမဆို ဖမ်းနိုင်တဲ့ ဖမ်းဝရမ်းကို တရားရုံးက သြဂုတ်လ၂၈ ရက်နေ့ မှာ ထုတ်ပေးလိုက်ပါတယ် ။
ဦးလှဆွေအပေါ် အရင်ထုတ်ထားတဲ့ ဖမ်းဝရမ်းကို ပြန်လည်တင်သွင်းရမယ့် သြဂုတ် ၂၈ ရက် ရုံးချိန်းမှာ အနောက်ပိုင်းခရိုင် တရားသူကြီးက အဲဒီ ဖမ်းဝရမ်းကို ထပ်သက်တမ်း တိုးလိုက်တာ ဖြစ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၇၅(၂)နဲ့ ပုဒ်မ ၈၂တို့အရ ဆက်လက်အတည်ပြုဖို့ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့ထံ ဝရမ်းသက်တမ်းတိုးပြီး ပြန်ပေးလိုက်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုခရိုင် တရားသူကြီး(၃)ဦးမင်းသန့်က သတင်းထောက်တွေကို ပြောပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၅(၂)ဆိုတာကတော့ အဆိုပါ လူဖမ်းဝရမ်းဟာ ထုတ်တဲ့ တရားရုံးက မဖျက်သိမ်း သေးသမျှ ကာလပတ်လုံး ဆက်လက် တည်နေစေရမယ်လို့ ရာဇသတ်ကြီးမှာ ဖော်ပြထားတာဖြစ်ပြီး ပုဒ်မ၈၂ကတော့ ဖမ်းဝရမ်း ကိုမြန်မာနိုင်ငံအတွင်း ဘယ်နေရာမဆို အတည်ပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ မှာတော့ ဝရမ်းပြန်သွင်းဖို့ တရားရုံးက ရဲတပ်ဖွဲ့ကိုတာဝန်ပေးထားပါတယ်။
အရင်က ဂန့်ဂေါမြို့နေရပ်လိပ်စာနဲ့ ဝရမ်းထုတ်ထားပေမယ့် ဦးလှဆွေက ဖမ်းဝရမ်းပါလိပ်စာမှာ နေထိုင်ခြင်းမရှိတော့ကြောင်း ရဲတပ်ဖွဲ့က အကြောင်းပြန်ထားခဲ့ပါတယ်။
ဂန့်ဂေါမြို့က ဖမ်းဝရမ်းပါလိပ်စာ မှာ နေထိုင်ခြင်းမရှိတော့ကြောင်းနဲ့ဦးလှဆွေ(ဘူးလက်)ဟာ နေပြည်တော်မှာ နဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမှာ ပြောင်းရွှေ့ထိုင်ကြောင်း စုံစမ်းသိရှိရတဲ့ အတွက် ဂန့်ဂေါမြို့ရဲတပ်ဖွဲ့က စာတိုက်ကတဆင့် တရားရုံးကို ဝရမ်းပြန်ပေးပို့လာတယ်လို့လည်း တရားသူကြီး(၃)ဦးမင်းသန့်က သတင်းထောက်တွေကို ပြောပါတယ်။
ဩဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်တဲ့ မြန်မာတပ်မတော် ထိပ်တန်းအရာရှိတွေ အပေါ် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်ရှုတ်ချပွဲမှာ ဟောပြောတဲ့ အကြောင်းအရာတွေနဲ့ နှင့် ပတ်သက်ပြီး ဦးလှဆွေကို ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလို ပြုလုပ်ပြီး တိုင်ထားတာဖြစ်ပါတယ်။
ဒီအမှုကို စွဲဆိုတဲ့ ပုဒ်မဟာ မျက်ကွယ်မှာ အမှုစီရင်နေတဲ့ ဦးဝီရသူ ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ က ပုဒ်မနဲ့ အတူတူ ဖြစ်ပါတယ် ။
ဂန့်ဂေါမြို့နယ်က စခန်းမှူး ဒုရဲမှူးလှမောင်ကတော့ တရားရုံးက အခုလို ပုဒ်မ ၈၂ နဲ့ သြဂုတ်လ ၂၈ ရက်က ဖမ်းဝရမ်းထုတ်ပေးလိုက်တာ မရောက်သေးကြောင်းနဲ့ စာတိုက်က ပို့တာဖြစ်လို့ ရက်နည်းနည်းစောင့်ရလေ့ရှိတယ်လို့လည်း ဘီဘီစီကို ရှင်းပြပါတယ် ။
ပြီးခဲ့တဲ့ အခေါက်တုန်း ကတော့ ဦးလှဆွေဟာ ခရိုင်အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီ တာဝန်ယူတုန်းကတော့ နေခဲ့တဲ့လိပ်စာဖြစ်နေတယ်၊လက်ရှိမှာတော့ သူက ဒီမှာ မနေပါဘူး။ အဲဒီတော့ ဝရမ်းပါလိပ်စာနဲ့ အတည်မပြုနိုင်တဲ့အကြောင်းတရားရုံးကို ပြန်အကြောင်းကြားထားပါတယ်လို့ လည်း သူကပြောပါတယ် ။
"အခုဟာက ဝရမ်းပါလိပ်စာကို ကြည့်ရမယ်။ အခုထုတ်တဲ့ ဝရမ်းက ဂန့်ဂေါ အပြင် အခြားနေရာတွေ ပါသေးသလားဆိုတာ ကြည့်ရမယ်၊ပါရင်တော့ ကျွန်တော်တို့ အဲဒီနေရာတွေက နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ပြီးဖမ်းရမယ် မရှိရင် မရှိတဲ့ အကြောင်းအထောက်ထားတွေနဲ့ တရားရုံးကို ပြန်သွင်းရမယ် " လို့လည်း ဒုရဲမှူးလှမောင်ကပြောပါတယ်။
တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ဖူးတဲ့ ဦးလှဆွေဟာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်
လွှတ်တော်ကိုယ်စားလှယ် ဖြစ်စဉ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ " ရွှေလက်နဲ့ခေါ်တုန်းလာပါ၊ဘူးလက် (ကျည်ဆန်) လွှတ်ရတာ မကောင်းပါဘူး"လို့ ပြောခဲ့လို့ "ဘူးလက်လှဆွေ" လို့ အမည်တွင်လာခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်မံဝင်ပြိုင်ပေမယ့် ပြန်လည် ရွေးကောက်မခံရတော့ဘဲ နောက်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲတွေ၊ အခြေခံဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲတွေ၊ အမျိုးသားရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ဟောပြောလေ့ရှိပါတယ်။
တပ်မတော်ထိပ်တန်း အရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ခြင်း အပေါ် သြဂုတ်လ၃ ရက်က ရန်ကုန်မြို့တော်ခန်းမ ရှေ့ ပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာ အမေရိကန် သံရုံးက facebook မှာဖော်ပြခဲ့တဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ဘူးလက်ဦးလှဆွေက ထည့်သွင်း ဟောပြောခဲ့ပါတယ်။
ဒီဟောပြောမှုနဲ့ပတ်သက်ပြီး ဘူးလက်ဦးလှဆွေဟာ တရားစွဲခံရတာဖြစ်ပါတယ်။
"ရဲတပ်ဖွဲ့ဝင်တွေဟာ အထက်က အမိန့်ပေးမှ ဖမ်းရမလားဆိုတာပေါ့ဗျာ။ ကျွန်တော်ဖြစ်စဉ်ကြည့်ဗျာ ဒုရဲမှူးတစ်ယောက်ကို အမိန့်မနာခံလို့ဆိုပြီး လုပ်ပစ်လိုက်တယ်၊ဒီလို ဖြစ်စဉ်တွေ အထင်အရှားရှိတော့ ရဲတပ်ဖွဲ့ဝင်တွေလည်းကြောက် သွားကြသလားပေါ့၊ ကျွန်တော် ကတော့အဲလိုထင်တာပါ" လို့လည်း ဒုရဲမှူးဟောင်းမိုးရန်နိုင်ကပြောပါတယ်။