ဗစ်တိုးရီးယားအမှု - မူရင်း စီစီတီဗီ မှတ်တမ်းကို တင်ဖို့ တရားရုံး အမိန့်ချ

ရေးသားခဲ့သည်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်ဆိုတဲ့ အသက်သုံးနှစ်မပြည့်မသေးတဲ့ မိန်းကလေး ဗစ်တိုးရီးယား အမှု အတွက် အရေးပါတဲ့ သက်သေတစ်ခုဖြစ်တဲ့ ကျောင်းက မူရင်း စီစီတီဗီ မှတ်တမ်း Hard Disk ကို နောက်ရုံးချိန်းမှာ တင်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

မူရင်းစီစီတီဗီကိုပဲ တင်ဖို့ ဘာကြောင့် တရားရုံးပြောတာလဲ

ဗစ်တိုးရီးယား အမှုကို ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဒီကနေ့ သြဂုတ်လ ၂၈ ရက်မှာ စစ်ဆေးခဲ့စဉ်မှာ အဲဒီလို အမိန့်ချခဲ့တာပါ။

ဒီရုံးချိန်းမှာ ကျောင်းက စီစီတီဗီမှတ်တမ်းတွေ သိမ်းထားတဲ့ ကွန်ပျူတာ သမားကို စစ်ဆေးဖို့ ဆောင်ရွက်ခဲ့ပေမယ့် သူက မူရင်း စီစီတီဗီ မှတ်တမ်းတွေပါတဲ့ Hard Disk မပါရှိဘဲ အဲဒါကို ကူးယူထည့်ထားတဲ့ ကွန်ပျူတာ system ပုံးကိုပဲ ယူလာခဲ့တဲ့ အတွက် အခုတင်ပြလာတဲ့ စီစီတီဗီမှတ်တမ်းကို မစစ်ဆေးတော့ဘဲ နောက်တစ်ပတ်ရုံးချိန်းမှာမှ စီစီတီဗီ မှတ်တမ်း မူလသိမ်းထားတဲ့ hard disk ကိုယူလာပြီး တရားရုံးကို တင်ဖို့ ပြောတာ ဖြစ်ပါတယ်။

ကွန်ပျူတာ သမားတင်သွင်းတဲ့ ကွန်ပျူတာပုံးဟာ မူရင်း စီစီတီဗီ မှတ်တမ်းရှိတဲ့ ဆီကနေ ကူးယူးထားတာသာ ဖြစ်လို့ အထဲက ဖိုင်နာမည်တွေနဲ့ ဖိုင်တွေကို ထည့်သွင်းတဲ့ ရက်စွဲ စတဲ့ ကွာခြားချက်တွေ ရှိနိုင်တယ်ဆိုတာ ကွန်ပျူတာ နဲ့ အိုင်တီ ပညာရှင်တွေက ပြောပြီး အဲဒီလို ပြောဆိုတာကို ဥပဒေ အရာရှိနဲ့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က လည်း တရားရုံးကို တင်ပြတဲ့ အတွက် သူယူလာတဲ့ ကွန်ပျူတာကို လက်မခံဘဲ မူရင်း စီစီတီဗီ မှတ်တမ်းပါတဲ့ Hard Disk ကိုသာ တင်ဖို့ တရားရုံးက ပြောပါတယ်။

ဒီနေ့ဘာတွေ စစ်ခဲ့လဲ

အခု ရုံးချိန်းမတိုင်ခင်မှာ ကလေးရဲ့ ဖခင်နဲ့ မိခင်ကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် အခု ငါးကြိမ် မြောက်ရုံးချိန်းမှာ ဗစ်တိုးရီးယား ကို ကျောင်းအကြိုအပို့ အဓိက လုပ်ပေးသူ ဖြစ်တဲ့ ကလေးရဲ့ အဘွားကို စစ်ဆေးခဲ့ပါတယ်။

အဘွားကို ဥပဒေ အရာရှိနဲ့ သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေတို့က စစ်ဆေး မေးမြန်းခဲ့ပါတယ်။

အဲဒီလို မေးမြန်းစဉ် ထွက်ဆိုတဲ့ အချက်အလက်တွေထဲမှာ ကလေးရဲ့ ကျောင်းအသွားအပြန်နဲ့ ကလေး ကျောင်းကို ဝတ်သွားတဲ့ အဝတ်အစားနဲ့ ပတ်သက်တာတွေလည်း ပါဝင်ခဲ့ပါတယ်။

အဘွားရဲ့ ထွက်ဆိုချက်မှာ အခင်းဖြစ်ပွားတဲ့ မေ ၁၆ ရက်မှာ ကလေးကို လာပို့တဲ့ ဖယ်ရီကား မောင်းသူက အရင် ရက်တွေက ကားမောင်းသူ မဟုတ်ကြောင်း၊ ကားမှာ ပါလာတဲ့ ဆရာမကလည်း အရင်ရက်တွေက ဆရာမ မဟုတ်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် ကလေးရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီးလည်း အဘွားဖြစ်သူက ထွက်ဆိုခဲ့ပါတယ်။

ကလေးက ကျောင်းက ပြန်လာတဲ့အခါ မနက်က ဝတ်ဆင်သွားတဲ့ အဝတ်အစားမဟုတ်ဘဲ အိမ်က အပို ထည့်ပေးလိုက်တဲ့ အဝတ်အစားနဲ့ ပြန်လာတဲ့ အကြောင်း အဘွားက ပြောပါတယ်။

မနက်က ဝတ်ပေးလိုက်တဲ့ အဝတ်အစားကို ကျောင်းက အိတ်နဲ့ ပြန်ထည့်ပေးလိုက်တဲ့ အကြောင်းနဲ့ အဲဒီ အဝတ်အစားက စိုထိုင်းထိုင်း ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို အဘွားက ပြောပါတယ်။

အရင်ရက်တွေကတော့ အဝတ်အစား ပြန်ထည့်ပေးလိုက်တဲ့အခါတွေမှာ စိုထိုင်းထိုင်း ဖြစ်မနေဘူးလို့လည်း အဘွားက ပြောခဲ့ပါတယ်။

နောက်တစ်ပတ်ဘာစစ်မလဲ

စက်တင်ဘာလ ၁၁ ရက်မှာ တော့ ကလေးငယ်ကို တရားရုံးမှာ ဗီဒီယို ကွန်ဖရင့်ကနေ စစ်မှာပါ။ ဒီလို စစ်ဆေးဖို့ တရားရုံးဘက်က အဆင်သင့်ပြင်ဆင်ထားတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီလို စစ်ဆေးမယ့်နေ့ မတိုင်ခင် ကလေးကို တရားရုံးနဲ့ ရင်းနှီးအောင် သုံးရက်လောက် တရားရုံးကို ခေါ်လာမယ်လို့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

စစ်ဆေးတဲ့အခါမှာတော့ ကလေးကို အခန်းတစ်ခန်းမှာ ထားမယ်၊ တရားခွင်ထဲမှာတော့ ကလေးရဲ့ ပြောဆိုချက်တွေကို အားလုံး နားထောင်နိုင်အောင် ပရိုဂျက်တာနဲ့ ပြသမယ်လို့ သူက ပြောပါတယ်။

မေလ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံ အဖြစ် မူကြိုကျောင်းကား ယာဉ်မောင်း ကိုအောင်ကြီးကို ဖမ်းဆီးထားပြီး ဇူလိုင် ၁၅ ရက်မှာ အမှုရဲ့ ပထမဆုံး ရုံးချိန်း စတင်ခဲ့ပါတယ်။