ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကွတ်ခိုင်မှာ လက်နက်ကြီးကျလို့ လူသုံးဦး ထိမှန်အပါအဝင် မနက်ခင်းသတင်းများ
ကွတ်ခိုင်မှာ လက်နက်ကြီးကျ၊ လူသုံးဦးဒဏ်ရာရ
ကွတ်ခိုင်မြို့နယ် ဟိုနားကျေးရွာ လွယ်ပြေစုစည်းရွာက နေအိမ်တစ်အိမ်ပေါ်ကို သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန်က လက်နက်ကြီးကျည် ကျရောက်ခဲ့ပါတယ်။
ဒီလို ကျခဲ့တာကြောင့် နေအိမ်မှာ နေထိုင်သူ ဒေါ်အေးကမ်၊ ဦးအိုက်ဂျိန်နဲ့ မအေးခေါန် တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ကျောပြင်၊ ခါးတို့မှာ ထိခိုက်ခဲ့တာဖြစ်ပြီး ဂရုဏာ လူမှုကူညီရေး အသင်းနဲ့ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းတွေက ကွတ်ခိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ် အတွင်းမှာ သြဂုတ်လ (၁၇) ရက်နေ့က စတင်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့အထွက်မှာရှိတဲ့ တိုးဂိတ်တွေကိုလည်း ပိတ်ထားရပါတယ်။
ဒီလို ပိတ်ထားတဲ့အတွက် အခုချိန်မှာ ကွတ်ခိုင်မြို့အတွင်းမှာ ကုန်တင်ကား အပါအဝင် ကားစီးရေ (၇၀) ခန့် ပိတ်မိနေပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့တွင်းမှာလည်း လူသူ သွားလာမှု နည်းပါးနေပြီး လက်နက်ကြီးကျတဲ့ အနီးဝန်းကျင်က ရွာတွေကတော့ ရွာလုံးကျွတ် စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရသေ့တောင်မှာ ကလေးမိခင် ကျည်ဆံထိမှန်ဒဏ်ရာရ
ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာမှာ သြဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကလေးမိခင်တစ်ဦး ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။
ထွန်းရဝေအနီး ကားလမ်းပေါ်က တံတားအနီးတွင် တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းခွဲ ခံရပြီး ပေါက်ကွဲသံတွေ ထွက်လာတဲ့အတွက် ကြောက်ပြီး ထွက်ပြေးစဉ် အခုလို လက်နက်ကြီး ကျည်စ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ကလေးမိခင် မခင်ဝင်းချေကို ရသေ့တောင်မြို့နယ် ဆေးရုံကို တင်ပို့ခဲ့ပြီးနောက် အဲဒီကတဆင့် ICRC အကူအညီဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။
သူမရရှိခဲ့တဲ့ ကျည်ဆံဒဏ်ရာမှာ နောက်ကျောကနေ ဖောက်ဝင်ပြီး ခန္ဓာကိုယ်အတွင်းထဲ အရိုးကြားမှာ ကျည်ဆံစ ညှပ်နေတဲ့အတွက် စစ်တွေကနေ ရန်ကုန်ကို သြဂုတ်လ ၂၄ ရက် ဒီနေ့မှာ ခွဲစိတ်ကုသဖို့ လေယာဉ်နဲ့ ပို့ဆောင်ရမှာ ဖြစ်ပါတယ်။
သူမရဲ့ ယောက္ခမဖြစ်သူ ဒေါ်ဗြက်မချေနဲ့ ယောကျာ်းဖြစ်သူ ကိုပေါက်စတို့က ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် စစ်တပ်က ရွာထဲကို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အတွက် သူမဆီမှာ ထိတာလို့ ပြောပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်တော့ ဖုန်းကိုင် ဖြေဆိုခြင်း မရှိသေးပါဘူး။
စစ်လက်နက်မှောင်ခို နှိမ်နင်းမည်
ထိုင်းမြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံ အတွင်းပိုင်းကို ဝင်ခဲ့တဲ့ စစ်သုံးလက်နက်တွေကို မြန်မာနိုင်ငံ အနောက်ဖက်ကို သွားတဲ့လမ်းနဲ့ အရှေ့ဘက် ရှမ်းပြည်နယ်ဘက်သွားတဲ့ လမ်းကြောင်းတွေမှာ ဖမ်းမိခဲ့ဘူးပါတယ်။
ဒါ့အပြင် မြဝတီကနေ ပြည်တွင်းကို သွားတဲ့ လမ်းကြောင်းဖြစ်တဲ့ ကျုံဒိုး၊ ဘားအံတို့ဘက်မှာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဖမ်းဆီးရမိတာတွေ ရှိခဲ့ပါတယ်။
အခုလို စစ်သုံးလက်နက်တွေကို သယ်ဆောင်သိုဝှက်တာတွေ ဖမ်းဆီးရမိတာရှိသလို ဖမ်းမမိတဲ့ အကြိမ်အရေအတွက်တွေလည်း များတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံနဲ့ ထိုင်းနယ်ခြားကော်မတီတွေပူးပေါင်းကာ နှိမ်နင်းမှုတွေ လုပ်ဖို့ မဲဆောက်မြို့က ရာ့ချ်ဘတ်တက္ကသိုလ်မှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ဒီလို စစ်လက်နက် မှောင်ခို တင်သွင်းမှုဟာ အာရှနိုင်ငံတွေအထိ ကျယ်ပြန့်ပြီး အမေရိကန်ဒေါ်လာ သန်းနဲ့ချီ အရောင်းအဝယ်ဖြစ်နေတဲ့ လုပ်ငန်းကြီးဖြစ်တယ်လို့ နယ်စပ်အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။