ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝဒေသက ရှေ့နေမရှိသေးတဲ့ တရားစီရင်ရေး
လက်နက်ခဲယမ်းရောင်းဝယ်မှုနဲ့ အသက် ၂၀ ကျော်အရွယ် ဝ လူမျိုး လည်းဖြစ်၊ ဝတပ်သား တယောက် လည်းဖြစ်တဲ့ မောင်အိုက်ကားကို ဝနယ်သွေးစည်းညီညွတ်ရေးပါတီ(ဝသပ) အမြင့်ဆုံး တရားရုံးက သေဒဏ်ချမှတ် စီရင်လိုက်ပါတယ်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ဒီအမှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဝသပ က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ဒီအမှုကိုကျူးလွန်ရမှာ ဦးဆောင်ပါဝင်ခဲ့တာ အထောက် အထားခိုင်လုံကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သေဒဏ်စီရင်ခဲ့တာဖြစ်ကြောင်း ဝနယ် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ)ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။
နောက်ထပ် သူနဲ့အတူအမှုတွဲဖြစ်တဲ့ လူအယောက် ၂၀ ကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
နှစ်ရှည်ထောင်ဒဏ်ဆိုတာကတော့ ထောင်ဒဏ် ၁၀နှစ်၊ ၁၅နှစ်၊ ၂၀နှစ် အသီးသီး ချမှတ်လိုက်တာ ဖြစ်တယ်လို့လည်း ဝသပရဲ့ လားရှိုးမြို့ ပြင်ပဆက်သွယ်ရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
အခုအမှုကျူးလွန်သူတွေက လက်နက်ဘယ်လောက်ကိုအရောင်းအဝယ်လုပ်ခဲ့တာလဲ၊ ဘယ်သူတွေကိုရောင်းခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့ သူ ကအတိအကျ မသိကြောင်း ပြောပေမယ့် လက်နက်အရေအတွက် ၁၀၀ နီးပါးနဲ့ ကျည်ဆံ အရေအတွက် သောင်း ဂဏန်းလောက်ကို (သူတို့ အဆိုအရ )ရန်သူဖက်ကို ရောင်းချခဲ့တဲ့အတွက် အခုလို ပစ်ဒဏ်စီရင်တာဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပါတယ်။
ဝနယ်က တရားစီရင်ရေး
ဝသပ အဖွဲ့ အာဏာပိုင်စိုးတဲ့နယ်မြေ မှာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလက နှစ်ပေါင်း ၃၀ ကျော်လာပေမယ့်လည်းအဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကိုချိုးဖောက်ရင် ဝသပ အဖွဲ့ရဲ့ တရားစီရင်ရေးပုံစံ နဲ့ တရားစီရင်လာခဲ့တာပါ။
မြို့နယ်၊ ခရိုင်အဆင့် တရားစီရင်ရေးအဆင့်ဆင့်ရှိကြောင်းနဲ့ အမြင့်ဆုံးကတော့ ဝသပ ဌာနချုပ်က တရားစီရင်ရေးဖြစ်တယ်လို့ ဦးညီရမ်းက ရှင်းပြပါတယ်။
အမှုကျူးလွန်သူက မြန်မာအစိုးရ ဝန်ထမ်းဖြစ်ရင် ဒါမှမဟုတ် မြန်မာအစိုးရဖက်က လာညှိနှိုင်းတဲ့အမှုတွေက လွဲလို့ ဝသပ ရဲ့ တရားစီရင်ရေးအတိုင်းပဲ သွားတယ်လို့ ဝသပ အရာရှိတယောက် က ဆိုပါတယ်။
ဒေသခံ တယောက် အမှုကျူးလွန်လို့ ဝသပရဲ့တရားစီရင်ရေးအရသွားရတဲ့အခါ တရားခံအဖြစ်စွပ်စွဲခံရသူက ရှေ့နေ ငှားနိုင်တဲ့အခြေအနေမှာမရှိဘူးလို့လည်း သူ က ပြောပြပါတယ်။
ဝဒေသမှာ ဝ လူငယ်ပညာတတ်တွေ နည်းပါးလာတဲ့အပြင် ရှိတဲ့လူငယ်ပညာတတ်တွေကလည်း တရုတ်နဲ့ တခြားနိုင်ငံခြားတွေမှာ သွားပြီးအလုပ်လုပ်ကြတဲ့အတွက် ဝသပ တရားစီရင်ရေး စနစ်တိုးတက်လာဖို့ အခက်အခဲရှိတယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။