တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်မှာ နိုင်ငံခြားသား ၅၀ ကျော် ရှိနေပြီး မူဆယ်က ၂ ယောက်ကို အရေးတကြီးကယ်ထုတ်ဖို့ လိုနေ

ရေးသားခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၈ ဦးကို သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းလောက်က တပ်မတော်ရဟတ်ယာဉ်နဲ့ လားရှိုးကနေ ရန်ကုန်ကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရသူ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

အမေရိကန်နိုင်ငံသား ၉ ယောက်အပါအဝင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကနေဒါ၊ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး တချို့အဖွဲ့တွေက ကွတ်ခိုင်ကို လာရောက်လည်ပတ်ကြတာဖြစ်သလို တချို့ကတော့ ဘိန်းပပျောက်ရေးကူညီတဲ့ အဖွဲ့တွေနဲ့ ရောက်လာကြတာပါလို့ ရှမ်းပြည်နယ်အစိုးရ ဟိုတယ်နဲ့ ခရီးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

သူတို့တွေဟာ သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ကွတ်ခိုင်မှာ ပိတ်မိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။

"တိုက်ပွဲတွေဖြစ်တော့ ကွတ်ခိုင်နဲ့ လားရှိုးက သွားလို့မရတော့ဘူး၊ လူနာတင်ယာဉ်ကအစ အပစ်ခံနေရချိန်လေ၊ သူတို့ကို ကွတ်ခိုင်က တည်းခိုရိပ်သာမှာ နေခိုင်းခဲ့ပြီး အခု နယ်မြေလုံခြုံမှ လားရှိုးကတဆင့် ပြန်ပို့ပေးလိုက်တာ" လို့ ပြည်နယ်အစိုးရ ဟိုတယ်နဲ့ ခရီးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က ပြောပါတယ်။

တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက မူဆယ်ရောက်နေတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက်ကတော့ နယ်မြေမအေးချမ်းသေးလို့ အခုချိန်အထိ ကယ်ထုတ်ဖို့ အဆင်မပြေသေးဘူးလို့ ဦးထင်အောင်နိုင် က ပြောပါတယ်။

ဒါ့အပြင် လားရှိုး၊ သီပေါ မြို့နယ်တွေမှာလည်း နိုင်ငံခြားသား အယောက် ၅၀ လောက်ရောက်နေပြီး တိုက်ပွဲတွေကြောင့် သူတို့တွေကို မြို့ပြင်ထွက်ပြီး သွားရောက်လည်ပတ်တာကို ပိတ်ပင်ထားတဲ့ သတိပေးစာတွေကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်တွေကို ပေးပို့ထားပါတယ်။

"သီပေါမှာ ၁၀ ယောက်၊ လားရှိုးမှာ အယောက် ၄၀ လောက် ရောက်နေတယ်၊ သူတို့တွေကို မြို့ထဲပဲ လည်ပတ်ပါ၊ မြို့ပြင်တော့ ခွင့်မပြုဘူး၊ ဘာလို့ဆို မြို့ပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့်ပါ" လို့ ခရီးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က ပြောပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့တုန်းကလည်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ နိုင်ငံခြားသား ၅၇ ဦးကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ပေါင်းပြီး အထူးလေယာဉ်နဲ့ ပို့ပေးခဲ့ရပါသေးတယ်။

ရှမ်းပြည်မြောက်ပိုင်းက သီပေါမှာ ရှမ်းစော်ဘွားရဲ့ ဟော်နန်းရှိသလို ပလောင်ရွာလေးတွေလည်း ရှိတာမို့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေအများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။

ဒါကြောင့် မြောက်ပိုင်း နေရာတချို့မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အကြား တိုက်ပွဲတွေ စပြင်းထန်နေခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက ခရီးသွားတွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရဘက်က ပြောပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတချို့ရှိနေပြီး ခရီးသွားလုပ်ငန်းတွေအပြင် နယ်စပ်ကုန်သွယ်ရေးပါ ထိခိုက်မှုရှိလာမှာကို ဒေသခံစီးပွားရေးသမားတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။