ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင့်အာဇာနည်နေ့ အခမ်းအနားတွေ မကျင်းပဖို့ အစိုးရကပိတ်ပင်
သြဂုတ်လ ၁၂ ရက်နေ့မှာ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အတွက် အခမ်းအနားတွေကျင်းပဖို့ ကရင် အရပ်ဖက်အဖွဲ့အစည်းတွေက စီစဉ်ထားကြပေမယ့် မြန်မာအစိုးရ အာဏာပိုင်တွေက ပိတ်ပင်တားဆီးနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အခမ်းအနားတွေမှာ ကရင်အာဇာနည် ဆိုတဲ့အသုံးအနှုန်းကိုမသုံးဖို့အတွက် သက်ဆိုင်ရာတိုင်းက ကရင်စာပေနဲ့ယဉ်ကျေးမှုကော်မတီကို သြဂုတ်လ ၈ ရက်နေ့ရက်စွဲနဲ့ စာထုတ်အကြောင်းကြားထားပါတယ်။
ရန်ကုန်တိုင်းမှာ ကရင့်အာဇာနည်နေ့အခမ်းအနားတွေကျင်းပဖို့ စီစဉ်ထားတဲ့နေရာတွေကိုလည်း ကျင်းပခွင့်မပြုဖို့ အာဏာပိုင်တွေက လိုက်လံပိတ်ပင်နေကြောင်း အခမ်းအနားကိုကျင်းပဖို့ စည်းရုံးဦးဆောင်နေသူတွေက ဘီဘီစီ ကို ပြောပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး(KWU)ရဲ့ ဥက္ကဌ နော်အုန်းလှက သူတို့ပထမတော့ ကမာရွတ်မြို့နယ်က ယုဒဿန် ခန်းမမှာကျင်းပဖို့ စီစဉ်တယ်၊ မြို့နယ်အာဏာပိုင်တွေက ခန်းမတာဝန်ရှိသူတွေကို ခွင့်မပြုဖို့လာပိတ်ခိုင်းတယ်၊ အဲဒါနဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်က မကွေးပရိယတ္တိစာသင်တိုက်မှာ လုပ်ဖို့စီစဉ်ဖိတ်ကြားတယ်၊ အာဏာပိုင်တွေက ကျောင်းက ဆရာတော်တွေဆီလာပြီး ခွင့်မပြုနဲ့လို့ ပိတ်ပင်ခဲ့တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
ကရင်အမျိုးသားပါတီက အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းကလည်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ အခုလို ပိတ်ပင်ထားတာကို သိထားရကြောင်းပြောပြီး၊ ဘာ့ကြောင့်ပိတ်သလဲဆိုတဲ့အကြောင်းကို မသိရကြောင်းလည်း ဆိုပါတယ်။
တခြားတိုင်းနဲ့ပြည်နယ်တွေဘက်မှာ အလားတူ ပိတ်ပင်သလား၊ မပိတ်ပင်ဘူးလား ဆိုတာကိုတော့ အတိအကျ မသိရသေးပေမဲ့ ပိတ်ပင်လာမယ်လို့ မှန်းဆနေကြပါတယ်။
ကရင့်အမျိုးသားအရေးအတွက်တော်လှန်ရေးလုပ်ဆောင်ရင်း ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျဆုံးသွားခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ နဲ့ အပေါင်းပါအားလုံးကို ဂုဏ်ပြုရင်း ကရင့်အမျိုးသားရေးလှုပ်ရှားသူတွေကကျင်းပတဲ့ အခုလိုအခမ်းအနားတွေကို ၂၀၁၂ နှစ်ကစလို့ မြန်မာနိုင်ငံတွင်း အစိုးရအုပ်ချုပ်ရေးနယ်မြေအဝန်းအဝိုင်းတွေမှာ စတင်ကျင်းပနိုင်ခဲ့ကြပါတယ်။
တဖြည်းဖြည်းနဲ့ ၂၀၁၆ ခုနှစ် လောက်မှာ နိုင်ငံ့နေရာအတော်များများမှာ ကရင့်အာဇာနည်နေ့ အခမ်းအနားတွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ကရင့်အာဇာနည်ဆိုတဲ့အသုံးအနှုန်းကို ကန့်သတ်လာကာ အာဏာပိုင်တွေက မကျင်းပဖို့ ဖိအားတွေပေးလာခဲ့တာပါ။
အခုရန်ကုန်တိုင်းမှာ လုပ်မယ့်နေရာတွေကို တားမြစ်တာက ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ လုပ်နေတာလို့ သိထားရကြောင်းလည်း နော်အုန်းလှက ဆိုပါတယ်။
ကရင်တိုင်းက ကိုယ့်သမိုင်းကိုကိုယ်သိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကရင့်အာဇာနည်နေ့အခမ်းအနားကို ကျင်းပရတာလို့ နော်အုန်းလှက သူ့အမြင်ကိုပြောသလို အခုလိုပိတ်ပင်တဲ့အခြေအနေမှာလည်း ရသမျှနည်းလမ်းတွေနဲ့ အခမ်းအနားကို လုပ်သွားမယ်လို့ ဘီဘီစီကိုပြောပါတယ်။
အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက ရှေ့မတိုးနိုင်ပဲဖြစ်နေချိန်မှာ ကရင့်တော်လှန်ရေးနဲ့ပတ်သက်တဲ့ အခုလို အခမ်းအနားတွေကျင်းပနေတာကို အစိုးရဖက်က ကန့်သတ်တာတွေ တိုးလုပ်လာတာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။