သတ်မှတ်ရက်မှာ ထွက်မလာသေးတဲ့လူ၄၀နီးပါးသေဆုံးခဲ့ရတဲ့ မြေနုကျွန်းပဋိပက္ခ အစီရင်ခံစာ

ရေးသားခဲ့သည်။

တိုင်းအစိုးရရဲ့ စုံစမ်းရေးကော်မရှင်ကို တိုင်းအစိုးရအဖွဲ့ဝင် အလုပ်သမားဝန်ကြီး ဦးမြင့်ဆွေက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ပဋိပက္ခဖြစ်စဉ် အသေးစိတ်ကို သြဂုတ် ၅ ရက် အရောက် တိုင်းဝန်ကြီးချုပ်ထံ တင်ပြရမှာလို့ ဝန်ကြီးချုပ်က တာဝန်ပေးထားရာမှာ သြဂုတ်လ ၈ရက်နေ့ အထိ အစီရင်ခံစာ ကတော့ ထွက်မလာသေးပါဘူး ။

ဖရဲကျွန်းကျေးရွာဘက် က ထပ်ပြီးသိရတဲ့ သတင်းတွေ အရတော့ တိုင်းအစိုးရရဲ့ စုံစမ်းရေးကော်မရှင်ဟာ စစ်ဆေးပြီးသားလူအချို့ကို သြဂုတ်လ ၈ ရက်နေ့ကလည်း ထပ်ပြီးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ မြေနုကျွန်းပြသနာကို သြဂုတ် လ ၅ရက်နေ့ ဝန်ကြီးချုပ် ကိုအစီရင်ခံစာတင် ရမယ်လို့လည်း သြဂုတ်လ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာထပ်မံ ပြောဆိုခဲ့ပါတယ် ။

အစီရင်ခံစာကိုစောင့်ကြည့်နေတဲ့ မကွေးတိုင်းဒေသခံ သတင်းထောက်တွေ ကလည်း တိုင်းအစိုးရရဲ့ အစီရင်ခံစာထွက်လာတာမတွေ့သေးကြောင်းနဲ့ တိုင်းအစိုးရရဲ့ စုံစမ်းရေးကော်မရှင် ဟာစစ်ဆေးမှုတွေလုပ်နေဆဲလို့လည်းဘီဘီစီကိုပြောပါတယ် ။

လူသတ်မှုနဲ့ သြဂုတ်လ ၇ ရက် ထပ်ဖွင့်

အစီရင်ခံစာထွက်မလာသေးပေမယ့် အချို့အမှုတွေကို လူသေမှုကနေ လူသတ် မှုပြောင်းဖွင့်တာတွေ တွေ့ရပါတယ် ။ လူ၂၉ ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေခဲ့တဲ့မြေနုကျွန်း ပဋိပက္ခ မှာ ၃ဦးသေဆုံးမှု ကို ဆေးစာဖော်ပြချက်အရ ဆိုပြီးသြဂုတ် ၇ ရက်၊ က လူသတ်မှုပုဒ်မနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ ဖရဲကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန့် ကပြောပါတယ် ။

ပြန်လည် ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေထဲမှာ ဖရဲကျွန်းကျေးရွာသား ခင်မောင်ဆန်း (ခ) မာဒီးနဲ့ ကိုကျော်ကျော်တို့ကို စစ်ဆေးထားတဲ့ ဆေးစာပြန်ကြားချက်တွေမှာ တုံးသောလက်နက်၊သာမန်ဒဏ်ရာ၊ ရေနစ်သေဆုံးခြင်း၊ နေဝင်းအောင်မှာ တုံးသောလက်နက်၊ပြင်းထန်ဒဏ်ရာ၊ ရေနစ်သေဆုံးခြင်းလို့ ပါရှိတယ်လို့လည်း ရေနံချောင်းလက်မှတ်ကုန်းနယ်မြေစခန်းထံကနေ သိရပါတယ်။

သူတို့သုံးဦးကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူကို ဆေးစာအရ စုံစမ်းဖော်ထုတ်အရေးယူပေးနိုင်ဖို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၁၁၄ တို့နဲ့ အဆိုပါ ရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး ပြောင်းလဲအမှုဖွင့် လိုက်တာလည်းဖြစ်ပါတယ်။

ဖရဲကျွန်းဘက်က အမြင်

"သေဆုံးသူတွေထဲက အလောင်းပြန်ရတဲ့ ၂၈ ယောက်မှာ ၃ ယောက် ပဲ အသတ်ခံရတာ လို့ ဆေးစာအရ စစ်ဆေးတွေ့ရှိလာတာ ဖြစ်လာတော့ ကာယကံရှင်မိသားစုတွေ က မကျေနပ်ကြဘူး သူတို့က ဒီထက် များမယ်လို့ ထင်နေကြတယ် " လည်း ဖရဲကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန့်က ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက်က အဲဒီ့ကျေးရွာနှစ်ရွာ မြေနုကျွန်းနယ်နိမိတ် အငြင်းပွားပြဿနာကြောင့် ဖရဲကျွန်းကျေးရွာသား ၃၈ ဦး မြစ်ထဲပျောက်ဆုံးခဲ့ပြီး အလောင်း ၂၈ လောင်း ပြန်လည်တွေ့ရှိခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကျန်တဲ့သေဆုံးသူအများစုကိုတော့ရဲက သေမှုသေခင်းနဲ့သာ အမှုဖွင့်ထားလို့ ရေနစ်သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပုံရတယ်လို့လည်း ဖရဲကျွန်းကျေးရွာဘက်က သိရပါတယ်။

လတ်တလောမှာ အဓိကရုဏ်းနဲ့ပတ်သက်လို့ ဖရဲကျွန်းရွာဘက်က ဖရဲကျွန်းရွာသား ကိုသန်းဦးနဲ့ ကန်သာကျေးရွာဘက်က အုပ်ချုပ်ရေးမှူး ကိုသန်းဦး၊ ကန်သာကျေးရွာအိမ်ပိုင်ရှင် ဦးမောင်ဝင်း၊ ဦးဝင်းဦးတို့ နှစ်ရွာပေါင်း စုစုပေါင်း လေးဦးကိုရဲတပ်ဖွဲ့က အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပျောက်ဆုံးအလောင်းတွေကတော့ တွေ့ဖို့ မလွယ်

ရေနံခေျာင်းလွှတ်တော် ကိုယ်စားလှယ်ဦးတင့်လွင်ကလည်း တိုင်းအစိုးရရဲ့ စုံစမ်းရေးကော်မရှင် ရဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ သီးခြား စုံစမ်းနေတာ လို့ ယူဆရပြီး လွှတ်တော် ကိုယ်စားလှယ် တွေဘက်ကို ဆက်သွယ် လာတာမရှိ ဘူးလို့ ပြောပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်က ဖရဲကျွန်းရွာသားတွေဟာ မြေနုကျွန်းပေါ်မှာ ကန်သာကျေးရွာဘက်က နေအိမ်တွေ ကျူးကျော်ဆောက်လုပ်တယ်ဆို ပြီး စက်လှေနဲ့ လူအုပ်စုလိုက် သွားရောက်ဖျက်ဆီးရာကနေ နှစ်ဘက် အဓိကရုဏ်းဖြစ်ပြီး နှစ်ရွာပေါင်း၂၉ ဦးသေဆုံးခဲ့ကာ ၁၀ ဦး ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

ပျောက်ဆုံးအလောင်းတွေကတော့ တွေ့ဖို့ မလွယ်တော့ကြောင်းနဲ့ ရှာဖွေရေးအားလုံးရပ်သွားပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကပြောပါတယ်။

တိုင်းအစိုးရ ရဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ကလည်း နှစ်ဘက်ရွာသားတွေကို စစ်ဆေးနေပြီး သြဂုတ်လ ၅ရက်မှာ အစီရင်ခံစာတင်မယ်ဆိုပေမဲ့ စစ်ဆေးမှု ဆက်လုပ်နေဆဲဖြစ်တယ်လို့လည်း ဖရဲကျွန်းကျေးရွာဘက် သိရပါတယ်။

"သြဂုတ်လ ၈ ရက် အထိကို ကျွန်တော်တို့ဘက်ကို စစ်နေတုန်းပဲ ဒီနေ့ ရှစ်ယောက် ထပ်စစ်ပါတယ်" လို့လည်း ဖရဲကျွန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမျိုးဇော်သန့်က ပြောပါတယ်။

တိုင်းအစိုးရရဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ အစီရင်ခံစာကို လူ၂၈သေပြီး ၁၀ ဦးပျောက်နေတဲ့ ဖရဲကျွန်းဘက် ကတော့ စောင့်ကြည့်နေတယ် လို့ လည်းပြောပါတယ်။