ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘူးလက် ဦးလှဆွေ ကိုအစိုးရ တရားစွဲ
ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့ လူထုဟောပြောပွဲမှာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ချက်တွေအပေါ် သွယ်ဝိုက်ပြစ်တင်ရှုတ်ချ ပြောဆိုမှုတွေအတွက် ဦးလှဆွေ ဘူးလက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အစိုးရက တရားစွဲဖို့ လျှောက်ထားလိုက်ပြီလို့ သိရပါတယ် ။
ကျောက်တံတားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ဦးလှဆွေ ဘူးလက် ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သြဂုတ်လ ၇ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီ့နောက် ခရိုင်တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၁၂၄ က နဲ့ လက်ခံထားကာသြဂုတ်လ ၁၄ ရက်နေ့ ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။
ဒီအမှုကို စွဲဆိုတဲ့ ပုဒ်မဟာ လာမယ့် သြဂုတ်လ ၉ ရက် ရုံးထုတ်ဖို့ရှိတဲ့ ဦးဝီရသူ ကို စွဲဆိုထားတဲ့ ပုဒ်မနဲ့ အတူတူ ဖြစ်ပါတယ် ။
ဘူးလက် ဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့ ဖမ်းဝရမ်းထုတ် လိုက်တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က သတင်းထောက်တွေကို သြဂုတ်လ ၈ရက်နေ့က ပြောပါတယ်။
ဘူးလက် ဦးလှဆွေကို အမှုဖွင့်သူ အစ္စလာမ် ဘာသာရေး ဆရာကို တရားရုံးက စစစ်
ရန်ကုန်မြို့လယ် လူထုဟောပြောပွဲမှာ အစ္စလာမ် ဘာသာအပေါ် ပုတ်ခတ်ဟောပြောဆိုခဲ့တယ် ဆိုပြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ အရေးယူပေးဖို့ တရားလို အစ္စလာမ် ဘာသာရေးဆရာ ဦးစန်းအောင်က လည်းသြဂုတ်လ ၇ ရက်နေ့က ကျောက်တံတား တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
တရားရုံးက လျှောက်ထားတာကို လက်ခံခဲ့ပြီးဒီနေ့ တရားလိုဦးစန်းအောင် ကိုစတင်စစ်ဆေးခဲ့ပါတယ်။
တရားစွဲဆိုသူ ဦးစန်းအောင်ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သလို အစ္စလာမ် ဘာသာရေး ဆရာ တစ်ဦးလည်းဖြစ်ပါတယ်။
ဦးလှဆွေကို အရေးယူပေးဖို့ကို ကျောက်တံတားမြို့နယ်တရားရုံး တရားသူကြီးက မိနစ်၂၀ ကြာလက်ခံစစ်ဆေးခဲ့ပြီး ကျင့်ထုံး၂၀၂ အရစစ်ဆေးဖို့ ရဲတပ်ဖွဲ့ထံ ချပေးလိုက်တယ်လို့ တရားလို ဦးစန်းအောင်က ဘီဘီစီကို ပြောပါတယ်။
ဘူးလက် ဦးလှဆွေကို ဘာကြောင့်အမှုဖွင့်တိုင် ရတာလဲ
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေဟာ ဘူးလက်ဂျာနယ်ကို ထုတ်ဝေသူလည်းဖြစ်ပြီး ဘူးလက်လှဆွေလို့ လူသိများပါတယ်။
တပ်မတော်ထိပ်တန်း အရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ခြင်း အပေါ် သြဂုတ်လ၃ ရက်က ရန်ကုန်မြို့တော်ခန်းမ ရှေ့ ပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာ အမေရိကန် သံရုံးက facebook မှာဖော်ပြခဲ့တဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ဘူးလက်ဦးလှဆွေက ထည့်သွင်း ဟောပြောခဲ့ပါတယ်။
"ဘာသာကြီးလေးမျိုးမှာ သုံးမျိုးကတော့ သူတို့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်၊ မိုဟာမက်ကို ထိရဲလား၊ တော် တော်သတ္တိရှိ တဲ့ အမေရိကန်ပဲ၊ လုပ်ကြည့်ပါလား လေယာဉ်ပျံနဲ့ ဗုံးခွဲပစ်မယ် မိုဟာမက်က၊ အဲ့ဒါကျ ကြောက်တယ် "လို့ပြောသွားခဲ့ပါတယ်။
ဒီလို ပြောဆိုမှုကို မကျေနပ်လို့ သူ့ကို တရားစွဲတာလို့လည်း တရားလိုဦးစန်းအောင်က ဘီဘီစီကိုပြောပါတယ်။
အစိုးရဘက်ကတော့ ဘူးလက်ဦးလှဆွေ က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်မှု တွေအပေါ် ပြောဆိုမှုတွေဟာ အစိုးရပေါ်မလေးစားအောင် အကြည်ညိုပျက်အောင် ပြောဆိုမှုတွေပါနေတာကြောင့် တရားစွဲဖို့လုပ်ရတာဖြစ်တယ်လို့လည်း သိရပါတယ် ။
အမေရိကန်သံရုံးက facebook မှာဖော်ပြခဲ့တဲ့ ပန်းချီကားက လေထု ညစ်ညမ်းမှုတွေမြင့်လာတာကို ဗုဒ္ဓပုံတော်ကို ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ပြီးဖော်ပြခဲ့တာဖြစ်ပြီးနောက်ပိုင်းပြန်လည် ဖြုတ်သွားခဲ့ပါတယ်။
တရားစွဲ မစွဲ ဘယ်တော့သိရမလဲ
ဦးစန်းအောင်က တရားစွဲဖို့ မရမ်းကုန်း မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒီ တရားရုံးက ဦးလှဆွေ ဟောပြောခဲ့တဲ့ မြို့နယ် မဟုတ်တာ ကြောင့် ကျောက်တံတား မြို့နယ်တရားရုံးကို ထပ်မံဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ် က ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ခရေပင်လမ်း အနောက်ပိုင်းခရိုင်တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စတွေအတွက် ဦးလှဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဦးစန်းအောင်အမှုလျှောက်ထားမှုအပေါ် ကျောက်တံတားမြို့နယ်တရားရုံးက လက်ခံပြီးတဲ့နောက်ပိုင်း သြဂုတ်လ ၂၁ ရက်နေ့မှာ တရားရုံးက အမှုကို လက်ခံသင့်၊ လက်မခံသင့် ပြန်လည် ဆုံးဖြတ်ပေးမယ်လို့လည်းသိရပါတယ်။
"ကျွန်တော် သက်သေ ၆ ယောက်တင်ထားတယ် အဲဒါတွေကို ရဲက စစ်မယ် ထင်တယ်" လို့လည်း ဦးစန်းအောင် ကပြောပါတယ် ။
အနောက်ပိုင်းခရိုင်တရားရုံးမှာ အစိုးရဘက်က စွဲဆိုမှု လျှောက်ထားမှုအပေါ် တစ်ပတ်စောပြီး သြဂုတ်လ ၁၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုတာ တွေ့ရပါတယ်။
ဒါ့အပြင် အမှုဖွင့်တာနဲ့ ပတ်သက်ပြီး မဘသ အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့လာနိုင်တာကို သိရှိထားတယ် လို့ ဦးစန်းအောင်က ရှင်းပြပါတယ်။
စိန်ခေါ်မှုတွေ ခြိမ်းခြောက်မှုတွေရှိတယ် လို့လည်း သူကပြောပါတယ်။
"အမှန်က ဒါက အစိုးရက လုပ်ရမှာ အခြေခံဥပဒေမှာလည်းပါတယ် ၃၆၂၊ ၃၆၃၊ ၃၆၄ မှာပါတယ် ။အခုဟာ က အစိုးရမလုပ်သေးလို့ ကျွန်တော် ကလုပ်တာ " လို့လည်း လို့ ဦးစန်းအောင်က ပြောပါတယ် ။
တရားဥပဒေ စိုမိုးဖို့ နဲ့ ဥပဒေကို လိုက်နာဖို့အခုလို တရားစွဲဖို့ပြင်ဆင်တာဖြစ်ပြီးသူ့အမှုဖွင့်တာကိုတရားရုံးကလက်ခံလိုက်ရင် ၁၉၆၂ ခုနှစ် နောက်ပိုင်းအစ္စလမ် ဘာသာဘက်က အခုလို သာသနာရေး ကို ထိခိုက်မူအတွက် တရားစွဲဆိုမှု မြန်မာနိုင်ငံ မှာ ပထမဆုံးလို့လည်း အစ္စလာမ် ဘာသာရေးဆရာ ဦးစန်းအောင်က ဘီဘီစီကို ပြောပါတယ် ။