ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း ဘေးနားမှာ တောဆင်ရိုင်းတွေရောက်နေ
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၇) အနီးမှာ တောဆင်ရိုင်း နှစ်ကောင် ရောက်နေလို့ ဖမ်းပြီး မိုင် ၁၀၀ ကျော်ဝေးတဲ့ ဘေးမဲ့တောကို ပို့ဖို့ စီစဉ်နေတယ်လို့ အဲဒီနေရာကို ဆင်ဖမ်းဖို့ရောက်နေတဲ့ သာယာဝတီခရိုင် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာနက လက်ထောက်မန်နေဂျာ ဦးသက်ဆွေအောင် က ဘီဘီစီကို ပြောပါတယ်။
"အခုလောလောဆယ် ရန်ကုန် မန္တလေးအမြန်လမ်း ၁၆ မိုင် ၅ ဖာလုံ အရှေ့ဖက် အနီးတစ်ဝိုက် မှာ ရှိနေပါတယ်။ လမ်းနဲ့တော့ ကိုက်၃၀၀ လောက် ဝေးပါတယ်။ လမ်းပေါ်ကနေ ကြည့်ရင်တော့ မမြင်ရဘူး"လို့ ဦးသက်ဆွေအောင်က ပြောပါတယ် ။
ဒီဆင်တွေဟာ ၅နှစ် နဲ့၆ နှစ်သားအရွယ် ရှိကြပြီး သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းထဲက အဲဒီ အနီးတစ်ဝိုက်မှာ ရောက်နေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလောလောဆယ်တော့ ဒီဆင်တွေကို စောင့်ကြည့်နေပြီး သြဂုတ်လ ၃ ရက်နေ့မှာ ဒီတောဆင်ရိုင်း၂ ကောင်ကို သစ်တောဘက်က လေ့ကျင့်ထားတဲ့ ဆင်တွေနဲ့ ဖမ်းဖို့ စီစဉ်ထားပါတယ်။ ပြီးရင်တော့ သာယာဝတီခရိုင်မင်းလှနယ်ထဲက မြောက်ဇာမဏီ ဆင်ဘေးမဲ့တောကို ပို့မှာ ဖြစ်တယ်လို့လည်း ဦးသက်ဆွေအောင်က ဆိုပါတယ် ။
အမြန်လမ်းမောင်းသူတွေအတွက် အန္တရာယ်ရှိလား
သစ်တောဘက်က ဆင်ဖမ်းမယ့် အဖွဲ့တွေကတော့ တောဆင်ရိုင်းတွေဟာ အမြန်လမ်းကို ဟိုဘက်ဒီဘက် ဖြတ်ကြလေ့ရှိပေမယ့် အမြန်လမ်းမောင်းကြတဲ့ ကားတွေအတွက်တော့ လောလော ဆယ်အန္တရာယ် မရှိဘူးလို့ ပြောပါတယ်။
"သူတို့ ကတောဆင်ရိုင်းဆိုပေမယ့် ဆင် အငယ်လေးတွေပါ၊ ကားလမ်းကို ဖြတ်ရင်လည်း ကားမီးရောင်တွေ မရှိတဲ့ အချိန် ညပိုင်းမှပဲဖြတ် လေ့ရှိပါတယ်လို့"စောင့်ကြည့်နေတဲ့ သစ်တောဘက်ဆင်ဖမ်းမယ့် အဖွဲ့တွေ က ပြောပါတယ်။
အမြန်လမ်းရဲတပ်ဖွဲ့ကတော့ တောဆင်တွေ ရောက်နေတာကို သစ်တောဘက်က အကြောင်းကြားထားတာရှိတယ်လို့ ပြောပြီး လောလောဆယ် စိုးရိမ်စရာ မရှိလို့ သတင်းထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
ဒီဆင်တွေဟာ တိုက်ကြီးမြို့နယ်အရှေ့ဘက်က တောဆင်ရိုင်းတွေ ဖြစ်နိုင်ချေရှိပြီးတော့ အမြန်လမ်း မိုင်တိုင်အမှတ်(၁၇)အနီးက ကျေးရွာတွေကို ဝင်ရောက်ပြီး အစာရှာဖွေ စားသောက် ကျက်စားနေလို့ ဒေသခံတွေရဲ့ စိုးရိမ်မှုကြောင့် သွားရောက် ဖမ်းဆီးနေတာဖြစ်တယ်လို့ သစ်တောအရာရှိတွေကပြောပါတယ်။
အမြန်လမ်းဘေးမှာ တောဆင်ရိုင်းတွေ ရောက်လေ့ရှိလား
အမြန်လမ်း မိုင်တိုင် ၂၆ ဝန်းကျင် မှာ တောဆင်ရိုင်းတွေ အရင်ကတည်းက သွားလာလေ့ရှိတယ် လို့လည်း သစ်တောဘက် ကပြောပါတယ် ။
"သူ့ဟာသူ ကျင်လည်ကျက်စားတာပါ၊ ဘယ်သူမှ ဒုက္ခ မပေးပါဘူး၊ ဘယ်သူမှ အန္တရာယ် မပေးဘူး၊ သူ့ဘာသူ နဂိုကတည်းကရှိတယ်၊ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ဆင်တွေရှိတယ် "လို့လည်း ဦးသက်ဆွေအောင် ကပြောပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၆ရက်၊ နံနက် ၃နာရီလောက် ကတော့ တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု မာဂရီသစ်တောကြိုးဝိုင်း ညောင်ခြေကွင်း(ဒေသအခေါ်) သစ်တောကွင်းအမှတ်(၃၇)မှာ အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၂၆)နှစ်အရွယ် မိခင်တစ်ဦး တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးခဲ့ပါတယ်။
"ကျွန်တော်တို့ရွာ ပတ်ဝန်ကျင်းမှာ တောဆင်ရိုင်းတွေ အုပ်စုလိုက် အစာရှာထွက်လေ့ရှိတယ်။ ခြောက်မောင်းရတာ ရှိသလို မြိုင်ဟေဝန် ဆင်စခန်းက ဆင်တွေနဲ့ ခြောက်မောင်းရတာတွေ ရှိတယ်။ တစ်ခါတစ်လေ ရွာတွေထဲအထိ လာရောက်အစားရှာတာတွေ ရှိတယ်။ ဘယ်လိုပဲ ခြောက်မောင်းပေမယ့် မရဘူး။ ပြန်လာတတ်ကြတယ်" လို့လည်း အမြန်လမ်းအနီး လှော်ကားမြို့နယ် ထဲမှာနေထိုင်ကြတဲ့ ရွာခံတစ်ဦးကပြောပါတယ်။
တိုက်ကြီးမြို့နယ်အတွင်းမှာတော့ တောဆင်ရိုင်းအနင်းခံရလို့ ၂၀၁၆ခုနှစ်က၂ဦး၊ ၂၀၁၇ခုနှစ်မှာ ၃ဦး၊ ၂၀၁၈မှာ ၂ဦးသေဆုံးပြီး၂၀၁၉ဇွန်လမှာ ဒီနှစ်ထဲ ပထမဆုံးအကြိမ် အဖြစ် ၂ဦး ဆင်အနင်းခံရလို့ သေဆုံးခဲ့တယ်လို့လည်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
အခု တောဆင်ရိုင်းနှစ်ကောင်ဟာ အမြန်လမ်းကို ဖြတ်နေတာရယ်၊ အနီးအနားက ရွာတွေက စိုက်ခင်းတွေကို ဝင်စားတာတွေရှိတာကြောင့် ၊ ဖမ်းပြီး မိုင် ၁၀၀ ကျော် ဝေးတဲ့သာယာဝတီခရိုင် ထဲက သဘာဝထိန်းသိမ်းရေးနယ် မြေထဲကို ပို့မှာဖြစ်တယ်လို့လည်း မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန သာယာဝတီခရိုင်က လက်ထောက်မန်နေဂျာ ဦးသက်ဆွေအောင် က ဘီဘီစီကို ပြောပါတယ်။