ဗစ်တိုးရီးယားအမှု ရုံးချိန်း တရားလိုထွက်ချက်ကို ပြန်လှန်စစ်မေးမယ့် အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

(၁) ဗစ်တိုးရီးယားအမှု တတိယရုံးချိန်း တရားလိုထွက်ချက်ကို ပြန်လှန် စစ်မေးမယ်

နေပြည်တော် Wisdom Hill မူကြိုကျောင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုကို သြဂုတ်လ ၁ ရက်နေ့မှာ တတိယအကြိမ် ရုံးချိန်းအဖြစ် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စစ်မေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ ဒုတိယအကြိမ် ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ ဗစ်တိုးရီးယားရဲ့ မိခင်ကိုယ်တိုင်က ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူရဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ တရားခွင်မှာ ထွက်ဆိုချက်ပေးခဲ့တာပါ။ အခုရုံးချိန်းမှာတော့ သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီထွက်ဆိုချက်တွေအပေါ် ပြန်လှန်စစ်မေးမှာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းကိုတော့ ဗစ်တိုးရီးယားရဲ့ မိခင်၊ သံသယတရားခံ ကိုအောင်ကြီး အပါအဝင် ၂ ဖက်ရှေ့နေတွေနဲ့ အမှုကို စိတ်ဝင်စားသူတွေ စုဝေးရောက်ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ တရားခွင်မှာတုန်းက ဆရာမနှင်းနုကို ဒုတိယ တရားခံအဖြစ် တရားစွဲဖို့ ဦးတိုက်လျှောက်တဲ့ကိစ္စကိုတော့ ဒီကနေ့ရုံးချိန်းမှာ ဆုံးဖြတ်ဖို့မရှိပေမယ့် ဒါကို ဥပဒေအရာရှိက တရားသူကြီးကို တင်နိုင်ဖွယ်ရှိတယ်လို့လည်း တရားခွင်မှာ သွားရောက်သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

(၂) အိုစမာဘင်လာဒင်သား ဟမ်ဇာဘင်လာဒင် သေဆုံးပြီလို့ အမေရိကန်ပြော

အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့သား ဟမ်ဇာဘင်လာဒင်ဟာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက အတည်ပြုပြောကြားပါတယ်။

အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကတော့ ဘယ်နေရာမှာ ဘယ်လိုသေဆုံးတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ ဒါပေမဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကတော့ ပါဝင်နေတယ်ဆိုပြီး NBC ရုပ်သံသတင်းဌာနနဲ့ New York Times သတင်းစာတွေက ဖော်ပြပါတယ်။

ဟမ်ဇာဘင်လာဒင်ဟာ အသက် ၃၀ လောက်အရွယ်လောက်ရှိပြီး အယ်လ်ကိုင်းဒါးလှုပ်ရှားမှုတွေမှာ ဖခင်ရဲ့အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် အများက မြင်ထားကြသလို သူကိုယ်တိုင်ကလည်း အမေရိကန်နဲ့ အခြားနိုင်ငံတွေကို တိုက်ခိုက်မှုတွေလုပ်ဖို့ ဆော်သြခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းကလည်း ဟမ်ဇာဘင်လာဒင်ကို ဆော်ဒီအာရေဗျနိုင်ငံက နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းခဲ့ပြီး အမေရိကန်အစိုးရကလည်း သူရှိရာနေရာကို သတင်းပေးနိုင်ရင် ဒေါ်လာ ၁ သန်း ဆုကြေးငွေပေးမယ်ဆိုတာကို ထုတ်ပြန်ထားပါတယ်။

(၃) တပ်မတော်နဲ့ AA အကြားတိုက်ပွဲဆက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရှေးဟောင်းသမိုင်းဝင် မဟာမုနိ ဘုရားအနီးမှာ ဇူလိုင် ၃၁ ရက်နေ့ ညနေ ၅ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး မဟာမုနိဘုရားဂေါကပအဖွဲ့ ဥက္ကဋ္ဌ ဦးညိုသာလှရဲ့ မြေးဖြစ်သူနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

မြေးဖြစ်သူက ညာဘက်ကျောမှာ ရှပ်ထိဒဏ်ရာနဲ့ အမျိုးသမီးငယ်က ညာလက်မောင်း ဒဏ်ရာတွေ ရခဲ့ကြပြီး အခုတော့ ၂ ဦးစလုံးဟာ ကျောက်တော်ဆေးရုံကို ပို့ဆောင်ကုသနေရပါတယ်။

တိုက်ပွဲဟာ ဘုရားတောင်တက်လမ်းနေရာမှာ ဖြစ်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုက ၄၅ မိနစ်လောက် ကြာခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးမှာလည်း တပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေ ဖြစ်ခဲ့သလို မင်းပြားမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

လတ်တလောမှာတော့ အဲ့ဒီရွာတွေက ကျေးရွာသားထောင်နဲ့ချီဟာ မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

(၄) အီရန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန် ဒဏ်ခတ်အရေးယူ

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်ရဲ့ အမေရိကားမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့လိုက်ပြီး ဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

ဒါဟာ အမေရိကန်က ထိန်းချုပ်ထားတဲ့ ဌာနတွေက ပိုင်ဆိုင်မှုတွေအပေါ်မှာ အကျုံးဝင်မှု ရှိမှာဖြစ်ပြီး မစ္စတာဇာရစ်ဖ်ရဲ့ နိုင်ငံတကာခရီးစဉ်တွေအပေါ်မှာ ကန့်သတ်နိုင်ရေးကို နည်းလမ်းရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

အမေရိကန်အစိုးရကတော့ မစ္စတာဇာရစ်ဖ်ဟာ အီရန်အစိုးရရဲ့ ဝါဒဖြန့်ရေးဝန်ကြီး ဖြစ်သလို အီရန်လူမျိုးတွေကို အရေးယူနိုင်ရေးအပိုင်းမှာ အကာအကွယ်ပေးနေသူဖြစ်တဲ့အကြောင်း ပြောထားပါတယ်။

မစ္စတာဇာရစ်ဖ်ဘက်ကလည်း သူ့ကို အမေရိကန်က ခုလိုဒဏ်ခတ်တာဟာ သူတို့ရဲ့အစီအစဉ်တွေမှာ ခြိမ်းခြောက်ခံနေရလို့ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ပြောခဲ့ပြီး သူ့ပိုင်ဆိုင်မှုတွေကလည်း အီရန်ပြင်ပမှာ မရှိတဲ့အတွက် ဘာမှသက်ရောက်မှု မရှိဘူးဆိုပြီးတော့လည်း ပြောပါတယ်။