ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မြို့လယ်က အတွင်းဝန်ရုံးမှာ ရှစ်လေးလုံးပြတိုက် ဖွင့်မယ်
ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အတွင်းမှာ ရှစ်လေးလုံးပြတိုက် ဖွင့်လှစ်ဖို့ရှိတယ်လို့ ရှစ်လေးလုံးပြတိုက်ကော်မတီအဖွဲ့ဝင် ဦးရဲနိုင်အောင်က ဘီဘီစီကို ပြောပါတယ်။
ပြတိုက်ဖွင့်လှစ်ဖို့အတွက် အတွင်းဝန်ရုံးပြုပြင်ရေးကို ဆောင်ရွက်နေတဲ့ အနော်မာအနုပညာကုမ္ပဏီနဲ့ ရှစ်လေးလုံးပြတိုက်ကော်မတီတို့က ဇူလိုင်လ ၂၂ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံညှိနိုင်းခဲ့ပြီး အခုလာမယ့် သြဂုတ်လ ၈ ရက် ရှစ်လေးလုံးနှစ်ပတ်လည်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း သူကပြောပါတယ် ။
အတွင်းဝန်ရုံးဟာ ရန်ကုန်မြို့လယ်မှာ ရှိပြီးတော့ ၁၆ ဧက ကျယ်ဝန်းပါတယ်။
၂၀၁၇ခုနှစ်က စတင်ပြီး အနော်မာ ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး အတွင်းဝန်ရုံးကို အာဇာနည်ပြတိုက်အဖြစ် အများပြည်သူ လာရောက်လေ့လာနိုင်ဖို့ ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်ထားပါတယ်။
ရန်ကုန်မြို့လယ်မှာ ရှိတဲ့ အတွင်းဝန်ရုံးဟာ သွားလာရေးလွယ်ကူပြီး ရှစ်လေးလုံးပြတိုက်ကို လာကြည့်တဲ့ လူထုပရိတ်သတ် အဆင်ပြေစေဖို့ အခုလိုစီစဉ်ရတာလို့လည်း သိရပါတယ်။
အတွင်းဝန်ရုံးဟာ အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဏန် ရှိပြီးတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။
ဒီနေရာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ နေရာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်၊ ပထမဆုံး အခြေခံဥပဒေ တို့ကို ရေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ် ။
အဲဒီရုံးဝင်းထဲမှာ ပြတိုက်ဖွင့်မယ့် နေရာကို တော့ အတိအကျ မသိရသေးဘဲ၊ အနော်မာကုမ္ပဏီ နဲ့ ညှိနိုင်းနေတယ်လို့ ဦးရဲနိုင်အောင်ကပြောပါတယ်။
အတွင်းဝန်ရုံးမှာ ပြတိုက်ဖွင့်မယ်ဆိုရင် လက်ရှိငှားရမ်းထားတဲ့ အနော်မာကုမ္ပဏီက သတ်မှတ်တဲ့နှုန်းထားအတိုင်း ရှစ်လေးလုံး ပြတိုက်ကော်မတီက ပြန်လည် ငှားရမ်းဖွင့်လှစ်သွားမယ်လို့လည်း ဦးရဲနိုင်အောင်ကပြောပါတယ်။
"ငှားခကို ကျွန်တော်တို့ကို လှူထားတဲ့ ငွေတွေနဲ့ လောလောဆယ် ပေးဖို့ စီစဉ်ထားတယ်" လို့လည်း သူကပြောပါတယ်။
လက်ရှိဖွင့်လှစ်ထားတဲ့ ရှစ်လေးလုံးပြတိုက်ဟာ သင်္ကန်းကျွန်းမြို့နယ်မှာ ရှိပြီးတော့ ပြီးခဲ့တဲ့ဇွန်လက ငှားရမ်းတဲ့ကာလ ပြည့်သွားခဲ့တာ ဖြစ်ပါတယ် ။
ရှစ်လေးလုံးပြတိုက်ကြီးကို မြေနေရာတစ်ခုမှာ ဆောက်လုပ်ဖို့ ရှိပြီးတော့ အဲဒါ မရမချင်း ရှစ်လေးလုံးပြတိုက် ကို အတွင်းဝန်ရုံးမှာပဲ ဖွင့်လှစ်ဖို့ရှိတယ် လို့လည်း ရှစ်လေးလုံးပြတိုက်ကော်မတီအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အတွင်းဝန်ရုံးကို ပုဂ္ဂလိကထံလွှဲပြောင်းခဲ့ရာမှာ အနော်မာအဖွဲ့က တင်ဒါအောင်မြင်ခဲ့ပြီး ပြင်ဆင်ပြုပြင်ခဲ့ကာ လက်ရှိမှာတော့ ဝင်ကြေးပေးရတဲ့ Tour အစီစဉ်တွေနဲ့ ဝင်ရောက်လေ့လာခွင့်ပြုနေတာ ဖြစ်ပါတယ်။