ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်တိုင်းမှာ H1N1ကြောင့် သေဆုံးသူ ၅၁ဦး အထိရှိလာ
ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၆၄ဦးရှိလာပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ က ထုတ်ပြန်ထားပါတယ်။
ဒီရောဂါကြောင့် နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၆၄ဦးရှိတဲ့ထဲမှာ ရန်ကုန်တိုင်းကရောဂါဖြစ်ပွားမှု အများ ဆုံးနဲ့သေဆုံးသူ အများဆုံးဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၂၀ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုပြီးရောဂါပိုးတွေ့ရှိသူ ၁၀၉ ဦး ရှိတဲ့အနက် သေဆုံးသူ ၅၁ ဦးရှိခဲ့ပါတယ်။
'' သေဆုံးမှုမြင့်မားတဲ့မြို့နယ်တွေကို ကြည့်ရင် အခြေခံလူတန်းစားအများစုရှိတဲ့ မြို့နယ်တွေကို သွားတွေ့ တယ်။ ဒါတွေဟာ ပြဿနာရှိနိုင်တယ်လို့ ကျွန်တော်ကတော့ယူဆတယ်။ ဥပမာ ဒဂုံမြို့သစ်တောင်ပိုင်း၊ လှိုင်သာယာပေါ့။ အဲဒီမြို့တွေမှာ အများစုက ပျံကျတို့ ကျုးကျော်တို့ တနေ့လုပ်မှ တစ်နေ့စားတွေများပါ တယ်။ဒီလိုလူတွေက ကျန်းမာရေးပြဿနာဖြစ်တဲ့အခါ လုံလောက်တဲ့အနားယူမှုမပြည့်ဘူး။ လုံလောက်တဲ့ ဆေးဝါးကုသမှုကို မခံယူနိုင်ဘူးဖြစ်နေတာပေါ့။ ဒါကိုသတိပြုဖို့လိုတယ်''လို့ အထွေထွေရောဂါကု ဆရာဝန် တစ်ဦးဖြစ်တဲ့ဒေါက်တာကျော်သက်စိုးက ပြောပါတယ်။
ရာသီတုပ်ကွေးရောဂါဖြစ်ပွားတဲ့အခါ လုံလောက်တဲ့အနားယူဖို့နဲ့ ဆေးကုသမှုသေချာစွာခံယူဖို့ လိုအပ်တယ် လို့လည်း သူကဖြည့်စွက်ပြောဆိုပါတယ်။
H1N1 ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုတွေထဲမှာ ရန်ကုန်တိုင်းအပြင် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာပါ သေဆုံးသူတွေရှိနေတာဖြစ်ပါတယ်။
ဇူလိုင် ၂၀ရက်နေ့အထိကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၆၄ဦးအထိရှိနေပြီး ဒါဟာ ၂၀၁၇ ခုနှစ် တစ်ခုလုံးမှာ သေဆုံးခဲ့တဲ့အရေအတွက်အထက် အယောက် ၂၀ကျော်ပိုများနေတာလည်းဖြစ်ပါတယ်။
H1N1 ဖြစ်ပွားမှုရဲ့လက်ရှိအခြေအနေမှန်ကို သုံးသပ်နိုင်ဖို့ဆိုရင် သေဆုံးသူအရေအတွက်ထက် သေဆုံး သူတွေရဲ့ အခြေအနေတိုင်းကို သတင်းအမှန်သိရနိုင်ဖို့လည်းလိုတယ်လို့ ဒေါက်တာကျော်သက်စိုး က ထောက်ပြပါတယ်။
' ' ကပ်ရောဂါလို့ ပြောရဖို့ကတော့ နည်းနည်းလေးခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကပ်ရောဂါဆိုတာက ဒီတစ်ယောက်ကနေမှ ပြန့်ပွားပြီး အများကြီးကူးရမယ်။သေဆုံးတဲ့သူတွေလည်း အများကြီးဖြစ်လာမယ် ပေ့ါ။ဒါပေမယ့်လည်း အစိုးရဘက်က တရားဝင်သတင်းထုတ်ပြန်တဲ့ပိုင်းမှာတော့အားနည်းတယ်။ သေဆုံးသူ တွေရဲ့ အချက်အလက်ကိုသေချာသိရဖို့လိုတယ်။ ငယ်ငယ်ရွယ်ရွယ် ကျန်းကျန်းမာမာသမားတွေ သေတာများလာပြီဆိုရင်တော့ ဒါအန္တရာယ်ရှိတဲ့အခြေအနေပဲ''လို့သူကပြောပါတယ်။
ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ဆက်တိုက်တိုးလာနေသလို အစိုးရပိုင်းမှ လည်း အချိန်မီကုသနိုင်ရေးအတွက် မနှစ်က ဆေးရုံ ၈ ခုမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ ၇ ခု ထပ်တိုး ပြီး စုစုပေါင်း ဆေးရုံ ၁၅ ခု ရှိလာသလို ရန်ကုန်ကလေးဆေးရုံ မှာလည်း ဇွန်လ၂၆ ရက်နေ့က ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို စတင်ဖွင့်လှစ်ခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
' ' ကျွန်တော်တို့မှာ သတ်မှတ်ထားတာရှိတယ်။ နိုင်ငံအဆင့် သတိပြုရမယ့် အနေအထားဖြစ်လာပြီဆိုရင် မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သက်ဆိုင်ရာမြို့နယ်တွေအလိုက် ဂျီပီ( အထွေထွေကုဆရာ)တွေကို h1N1 သံသယရှိတဲ့လူနာတွေတွေ့ရင် သူတို့ကိုဆက်သွယ်ပါဆိုပြီး အကြောင်းကြားစာပို့ပါတယ်။ လတ်တလောအနေနဲ့တော့ အဲ့လိုအကြောင်းကြားစာမျိုးမရှိသေးဘူး။''လို့လည်း ဒေါက်တာကျော်သက်စိုး ကပြောပြပါတယ်။
အခုတရားဝင် စာရင်းတွေအရ ရှမ်းအရှေ့နဲ ချင်းက လွဲပြီး ကျန်တဲ့ပြည်နယ် တိုင်းတွေမှာ ေH1N1 ရောဂါပိုးရှိသူတွေ တွေ့နေရတာဖြစ်ပါတယ်။
၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ်။
၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။