ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗကသတွေ ဆန္ဒပြ
ဇူလိုင် လ၂၀ ရက်နေ့ က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်လာရောက်စဉ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားတချို့ ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က အဖွဲ့ဝင်နှစ်ဆယ်ခန့်ဟာ တက္ကသိုလ် ပုရဝုဏ် အတွင်းမှာ နိုင်ငံတော် အတိုင်ပင် ပုဂ္ဂိုလ်ခံ လာစဉ် ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပင်စိုက်မယ့် ပန်းခြံထဲသို့ သွားရာ လမ်းတလျှောက် ကျောင်းသားတွေ လိုက်ပါသွားရာမှာ ရဲတပ်ဖွဲ့မှလာရောက် တားဆီးခဲ့တာတွေလည်းဖြစ်ခဲ့ပါတယ်။
ကျောင်းသူတွေ မကြာခဏဆိုသလို လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ခံရတာ၊ဖိနှိပ်ထားတဲ့ အဆောင်စည်းကမ်းတွေနဲ့ ၊ မကြာသေးခင်က ဆဲဗင်း ဂျုလိုင်ချီတက်ပွဲကြောင့် တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပါဝင်၊ မန္တလေးတိုင်း အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား တူးဝေယံ လွတ်မြောက်ရေးစတဲ့ အချက် ၄ ချက်ကို ဗကသကျောင်းသားတွေ က တောင်းဆိုခဲ့ ကြပါတယ်။
ဆန္ဒပြတဲ့ အချက်တွေထဲက အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား လွတ်မြောက်ရေးနဲ့ပက်သက်လို့ မတရားဖမ်းထားတာမှန်ရင် လွတ်မှာပေါ့လို့ နိုင်ငံတော် အတိုင်ပင်ခံက ပြန်လည် ပြောဆိုသွားတယ်လို့ ဆန္ဒပြကျောင်းသားတွေက ဘီဘီစီကိုပြောပါတယ် ။
ဆန္ဒပြကျောင်းသားတွေကို မြို့နယ်ထွေအုပ်က လာရောက်ပြီး သတိပေးခဲ့တာတွေရှိသလို ကျောင်းသားတွေက အတိုင်ပင်ခံ အပင်စိုက်မယ့် ပန်းခြံထဲ ထိ လိုက်သွားတဲ့အခါမှာ ရဲတပ်ဖွဲ့က သေနတ်တွေ ကိုင်ဆောင်တားမြစ်ကာ ဆန္ဒပြ စာတမ်းတွေကို ချန်ထားခဲ့ဖို့ လာရောက် တားဆီးတာတွေရှိတယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြော ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် ကတိခံယူပွဲနဲ့ တက္ကသိုလ်ရာပြည့် အမှတ်တရ ကံကော်ပင်စိုက်ပွဲသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။