ဦးဝီရသူကို တစ်လအတွင်း လာရောက်အဖမ်းခံဖို့ တရားရုံးအမိန့်ချ

ရေးသားခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်စစ်ဆေးခံနေရတဲ့ အမျိုးသားရေးဆရာတော် ဦးဝီရသူကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇၊ ၈၈ အရ တစ်လအတွင်း အဖမ်းခံပြီး လာရောက်ဖြေရှင်းဖို့ အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၈၇၊ ၈၈ ဝရမ်းအမိန့်ကတော့ ဦးဝီရသူကို တစ်လအတွင်း အဖမ်းခံဖို့နဲ့ သူပိုင်ပစ္စည်းတွေကို ဝရမ်းကပ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။

"အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူဟာ တိမ်းရှောင်နေတဲ့သူဖြစ်တယ်ဆိုတာ သိအောင်လို့ တရားရုံးက ကြေညာလိုက်တဲ့ သဘောပဲ" လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။

ဦးဝီရသူဟာ တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲတွေနဲ့ အမျိုးသားရေးလှုပ်ရှားမှု ဟောပြောပွဲတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်ကြမ်းတမ်းစွာ ပုတ်ခတ်ဟောပြောတာတွေ လုပ်ခဲ့ပါတာဖြစ်ပါတယ်။

ဒါကြောင့် ဦးဝီရသူကို ရဲတပ်ဖွဲ့ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)နဲ့ အမှုဖွင့်ပြီး မေလ ၂၈ ရက်နေ့ကတည်းက ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။

ဒီနောက်တော့ အနောက်ပိုင်းခရိုင်တရားရုံးကနေ အမှုနဲ့ သက်ဆိုင်တဲ့ တရားလိုသက်သေအားလုံးကို စစ်ဆေးခဲ့ပြီး ခုလို အမိန့်ချမှတ်လိုက်တာပါ။

ဦးဝီရသူနဲ့ အနီးကပ်ရှိနေခဲ့တဲ့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) ကတော့ "အဲ့ဒါတော့ မဖြစ်နိုင်ဘူး၊ ဆရာတော်က အတိအလင်း ပြောထားပြီး ဖြစ်တယ်၊ မဟနက ဆရာတော်ကို ခေါ်ယူဆုံးမပေးဖို့၊ ဆရာတော် ကိုယ်တိုင်ကမ်းလှမ်းထားတယ်၊ ဒါကို ပယ်ချပြီးတော့ ဘောင်ကျော်ပြီးတော့ လုပ်တာကို ဘုန်းကြီးလည်း ၁ လ မကလို ၂ လ ပဲ ဖြစ်ဖြစ် လာမှာတော့ မဟုတ်ဘူး" လို့ ဘီဘီစီကို မိန့်ပါတယ်။

ရဲမှူးကြီး မျိုးသူစိုးကတော့ "တရားရုံးဘက်က အမိန့်ချလိုက်တာပါ၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မယ်ဆိုတာတော့ ကျွန်တော်တို့ဆီ အကြောင်းမကြားသေးပါဘူး" လို့ ပြောပါတယ်။