စစ်ပွဲအတွင်း ရွာသားတွေရဲ့ ရွှေထည်နဲ့ ပစ္စည်းတွေ ပျောက်ဆုံးတဲ့အကြောင်း အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ အကူအညီပေးရေးကန့်သတ်ခံရလို့ ကုလ ထုတ်ပြန်

လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးရေး သွားလာခွင့်တွေကို ရခိုင်ပြည်နယ်မင်းပြားမြို့နယ်နဲ့ ကျေးလက်ဒေသတွေကို ကန့်သတ်ခံရတာကြောင့် အကူအညီပေးဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ပူးပေါင်းဆောင်ရွက်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်တပ်နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေဆီကို အစားအစာနဲ့ အကူအညီတစ်ချို့ ပံ့ပိုးပေးနေပေမယ့် အခုလို နောက်ထပ် အကူအညီပေးရေး သွားလာခွင့် ကန့်သတ်မှု အသစ်တွေကြောင့် ဝန်ဆောင်မှုတွေ ပြတ်တောက် တာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ထို့အတူ ကချင်ပြည်နယ် ဝိုင်းမော်နဲ့ ဆဒေါင်းမြို့နယ်တွေထဲမှ ရွာ ၅ရွာမှာ ဇွန်လ နောက်ဆုံးအပတ်က မိုးသည်းသန်းထန်ထန်ရွာတာကြောင့် ရေကြီး ရေလျှံမှုနဲ့ မြေပြိုတာတွေ တွေဖြစ်ခဲ့ပါတယ်။

ဒီလိုမြေပြိုရေလျှံတာတွေကြောင့် အိမ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ တံတားများနဲ့ လယ်ယာလုပ်ငန်းများ ထိခိုက်မှုရှိခဲ့ပြီး လူတစ်ထောင်ကျော် ထိခိုက်ခံစားခဲ့ရတယ်လို့ ဒီထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။

အမေရိကန် အစိုးရကို ဝေဖန်တဲ့အီးမေးလ်ပေါက်ကြားအပြီး ဗြိတိန်သံအမတ်နဲ့ ဆွေးနွေးတာပျက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝါရှင်တန်မှာရှိတဲ့ ဗြိတိန်သံအမတ် ကင်ဒါရော့နဲ့ ဆွေးနွေးတာ မလုပ်တော့ဘူးလို့ ပြောလိုက်ပါတယ်။

သမ္မတထရမ့် အစိုးရကို ဝေဖန်တဲ့ အီးမေးလ်တစ်စောင် ပေါက်ကြားအပြီးမှာ သမ္မတထရမ့် အခုလို မစ္စတာဒါရော့နဲ့ ဆွေးနွေးဖို့ ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကိုလည်း တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။ မစ္စတာထရမ့်က ဝန်ကြီးချုပ်မေဟာ သူ့အကြံကို လျစ်လျူရှုပြီး အီးယူကနေ ဗြိတိန်နှုတ်ထွက်တဲ့ ဘရက်ဇစ်လုပ်ငန်းစဉ် ပိုရှုပ်ထွေးအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆို လိုက်ပါတယ်။

ဒါကြောင့် ဗြိတိန်အနေနဲ့ ဝန်ကြီးချုပ် အသစ်ကို မကြာခင်ရွေးချယ်ဖို့ ရှိတာဟာ ကောင်းတယ်လို့လည်း သမ္မတက ပြောပါတယ်။

အခုချိန်အထိတော့ ဗြိတိန်အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးပါဘူး။

စစ်ပွဲအတွင်း ရွာသားတွေရဲ့ ရွှေထည်နဲ့ ပစ္စည်းတွေ ပျောက်ဆုံး

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ထဲက တောင်ပေါက်ကျေးရွာထဲကို ဇူလိုင်လ ၆ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး ရွာထဲက ဦးမောင်စောဖြူရဲ့ အိမ်မှာ ရွာသားတွေကို တပ်ရင်းမှူးက အကုန်စုခိုင်းခဲ့ပါတယ်။

အဲဒီလို စုခိုင်းခဲ့ပြီး ရခိုင်တပ် အေအေနဲ့ ပတ်သက်တာကို မေးမြန်းစစ်ဆေးခဲ့ပါတယ်။ မနက် ၉ နာရီကနေ ၁၂ နာရီအထိ စစ်ဆေးမေးမြန်းအပြီး စစ်ကြောင်းရွာထဲကနေ ထွက်သွားပြီးချိန်မှာတော့ ရွာထဲက တစ်ချို့အိမ်တွေကို မွှေနှောက်ရှာဖွေထားခံရကာ ရွှေထည်တစ်ချို့နဲ့ ငွေများ ၊ ဈေးဆိုင်မှ ပစ္စည်းများ ပျောက်ဆုံးနေတာကို တွေ့ရတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ဒီလို ပျောက်ဆုံးတာတွေကို ရွာသားတွေက ကျေးရွာအုပ်ချုပ်မှူးဆီကို တိုင်ကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးကြည့် တော့ မဖြစ်နိုင်ကြောင်း ငြင်းဆိုပါတယ်။

ဒီလိုပြဿနာတွေအပြင် ကျောက်တော် ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာအနီးမှာ ဇွန်လ ၃၀ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားပြီးတဲ့ နောက် လယ်တဲ ၂၄ လုံး၊ ကောက်ရိုးပုံ ၂၄ ခုတို့ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသလို နွားနှစ်ကောင်လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

အမေရိကန်မှာ ခရစ်ယာန်ဘာသာရေးစာအုပ်တွေဈေးမြင့်ဖွယ်ရှိ

အမေရိကန်မှာ ခရစ်ယာန်ဘာသာရေး စာပေထုတ်ဝေသူတွေဟာ တရုတ်ကုန်တွေအပေါ် အကောက်ခွန်တိုးမြှင့်မယ့် သမ္မတထရမ့်ရဲ့ အဆိုပြု အစီအစဉ်ကြောင့် ကျမ်းစာအုပ်ဈေးတွေ တက်လာမှာဖြစ်ပြီး တစ်ချို့ ဘာသာရေးစာပေတွေကို အမှာရပ်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သတိပေးတာတွေ ရှိခဲ့ပါတယ်။

သမ္မတထရမ့်ဟာ ဘာသာရေးစာအုပ်တွေအပြင် တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းထိ တိုးကောက်ဖို့ စီစဉ်နေပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ သမ္မာကျမ်းစာကို အများဆုံး ထုတ်တဲ့ နိုင်ငံဖြစ်ပါတယ်။