ကျော်ဇင်ဝင်းအမှု လူ့အခွင့်ရေးကော်မရှင် စုံစမ်းတွေ့ရှိချက် တပတ်အတွင်း ထုတ်ပြန်မယ်

ရေးသားခဲ့သည်။

လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ကျော်ဇင်ဝင်းအမှု စုံစမ်းစစ် ဆေးရရှိထားတဲ့ ရလဒ်ကို လာမယ့် တပတ်အတွင်း ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က ဇူလိုင်လ ၇ရက်က ဘီဘီစီကိုပြောပါတယ်။

ဇူလိုင်လ ၅ရက်နေ့အထိတော့ Myanmar Imperial University (MIU) က ၅ဦးနဲ့ ကျော်ဇင်ဝင်းမိသားစုဝင် ၄ဦးတို့ကို တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပြီးတဲ့အပြင် လိုအပ်တဲ့ မေးမြန်းမှုတွေကိုလည်း လာမယ့် အပတ်ထဲမှာ အပြီးသတ် မေးမြန်းမယ်လို့ ကော်မရှင်က သိရပါတယ်။

ဘီဘီစီက စုံစမ်းသိရှိထားရတဲ့ ကျော်ဇင်ဝင်း သေဆုံးရတာဟာ လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းတာ ကြောင့်မဟုတ်ဘူးလို့ ကျောင်းကဝန်ထမ်းတွေပြောကြတယ်လို့ ကော်မရှင်မှာ ကျောင်းဘက်က ထွက်ဆိုထားတာ ဟုတ်လားလို့ ဘီဘီစီက ကော်မရှင်ကိုမေးမြန်းခဲ့ပေမယ့် စုံစမ်းဆဲကာလမှာတော့ အခုလိုကိစ္စတွေက ဟုတ်တယ်မဟုတ်ဘူးဆိုတာကို မပြောလိုဘူးလို့သာ ဦးယုလွင်အောင်က ပြောပါတယ်။

MIU က ကိုကျော်ဇင်ဝင်းအမှုနဲ့ ပတ်သက်ပြီး ပြောခွင့်ရသူအဖြစ်သတ်မှတ်ထားသူ ဦးချမ်းငြိမ်းအောင်ကလည်း စုံစမ်းစစ်ဆေးမှုကို လူ့အခွင့်အရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ထွက်လာတဲ့ရလဒ်ကို ထုတ်ပြန်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ စုံစမ်းစစ်ဆေးမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောလို့မရသေးဘူးလို့ သူကဆိုပါတယ်။ ဒါ့အပြင် အမှုမှန်ဖော်ထုတ်ပေးနိုင်ဖို့ MIU အနေနဲ့ ရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ ဦးချမ်းငြိမ်းအောင် ကပြောပါတယ်။

ကျော်ဇင်ဝင်း အသုဘချတဲ့ရက် ဇွန်လ ၂၆ရက်နေ ကစပြီး MNHRC က အဲဒီအမှုကို စတင်ကိုယ်တွယ် ခဲ့တာလည်းဖြစ်ပါတယ်။ ကျောင်းကလည်း ကျောင်းတွင်းစုံစမ်းမှုကို စလုပ်နေတယ်လို့ ဘီဘီစီကိုပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရလဒ်ကို ဘယ်တော့ထုတ်ပြန်ပေးမယ်ဆိုတာကိုတော့ အခုထိမသိရသေးဘူးလို့သာ တုံ့ပြန်ပါတယ်။

MNHRC ကတော့ ကျောင်းကို ကိုယ်တိုင် သွားရောက်တာအပြင်၊ ကျောင်းက တာဝန်ရှိတဲ့သူတွေကိုပါ ခေါ်ယူမေး မြန်းတာတွေ လုပ်ခဲ့ပြီး လိုအပ်တဲ့ မေးမြန်းစစ်ဆေးမှုတွေ ရရှိတာနဲ့ လာမယ့်အပတ်အတွင်းမှာပဲ ရလဒ်ကိုထုတ်ပြန်မှာလို့ ဦးယုလွင်အောင်ကပြောပါတယ်။

ရလဒ်ထွက်လာတဲ့အခါ အရေးယူနိုင်ဖို့အတွက် ထပ်လုပ်ဆောင်ရမယ့် အခြေအနေကို ဦးယုလွင်အောင်က "ရဲနဲ့ဆိုင်ရင် ရဲကိုပြောမယ်၊ လူမှုဝန်ထမ်းနဲ့ဆိုင်ရင်လူမှုဝန်ထမ်းကိုပြောမယ်၊ ပညာရေးနဲ့ဆိုင်ရင် ပညာရေး ကိုပြောမယ်။ သူ့ဘာသာသူတို့ကတော့အရေးယူလိမ့်မယ်" လို့ ဆိုပါတယ်။

ကော်မရှင်ရဲ့ တွေ့ရှိချက်အပေါ် ဆက်လက် အကောင်အထည်ဖော်ဖို့ လိုမယ်ဆိုရင် လိုအပ်မယ့် ဌာနတွေကို လွှဲအပ်ပေးဖို့သာ ကော်မရှင်ကလုပ်ဆောင်နိုင်မယ်လို့လည်း သူကပြောပါတယ်။

ကျော်ဇင်ဝင်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြတ်လေးနွယ်ကတော့ သူ့ကိုကော်မရှင်က လာမယ့်တနင်္လာနေ့မှာ ခေါ်ယူမေးမြန်းဖို့ချိန်းဆိုထားတယ်လို့ဘီဘီစီကိုပြောပါတယ်။

ကျော်ဇင်ဝင်းအမှုနဲ့ပတ်သက်ပြီးလည်း ကော်မရှင်အပေါ် မျှော်လင့်ထားတာကို ဒေါ်မြလေးနွယ်က "မိသားစု ကတော့ ကလေးအသက်ဆုံးရှုံးသွားတဲ့အပေါ် တကယ်အပြစ်ရှိတဲ့သူ၊ သူနဲ့ဖြစ်ခဲ့တဲ့သူ၊ သူလည်းစာရေးသွား တယ်၊ အပြင်မှာလည်းရင်ဖွင့်တာရှိတယ်။ အဲဒီလူတွေကိုတော့ ထိုက်သင့်တဲ့ အရာဖြစ်စေချင်တယ်" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျော်ဇင်ဝင်းကိစ္စကို ကူညီပေးခဲ့ကြတဲ့ ကျောင်းကသူငယ်ချင်းတွေနဲ့ကို မိသားစုကအဆက် အသွယ်မရဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

အခုတော့ ကျောင်းက ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်တဲ့ ပါဝင်တ်သက်သူလို့ ယူဆရသူ ၃ဦးကို လတ်တလော တာဝန်ကရပ်နား ထားပါတယ်။