၅၄ တက္ကသိုလ်ရိပ်သာလမ်း အမည်ပေါက် ကိစ္စ ဥပဒေချုပ်ရုံး အကြံယူနေ

ရေးသားခဲ့သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ ကွယ်လွန်သူ ဒေါ်ခင်ကြည်ပိုင် ခြံအမှတ် ၅၄ ကို ဇူလိုင် ၂ရက်နေ့မှာ စည်ပင်က လာရောက် မြေတိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒီခြံကိစ္စကို လိုက်ပါ ဆောင်ရွက်သူ တယောက်လည်း ဖြစ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့၀င် တယောက်လည်းဖြစ်တဲ့ ဦးဉာဏ်၀င်းက ပြောပါတယ်။

အမွေ ကိစ္စနဲ့ ပတ်သက်လို့ တရားရုံး ဒီကရီ ကျထားတာ တနှစ်၀န်းကျင်လောက် ရှိပြီ ဖြစ်တဲ့ ဒီခြံကို စည်ပင် က မြေလာတိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

ဒီခြံရဲ့ ပိုင်ဆိုင်မှု နဲ့ ပတ်သက်လို့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၊ သားဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ဒေါ်ခင်ကြည် မကွယ်လွန်ခင် ကြည့်ရှု စောင့်ရှောက်ခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီး ခင်မောင်အေး တို့က ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း တရားရင်ဆိုင် ခဲ့ကြတာ ဖြစ်ပါတယ်။

ခြံအမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း နဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မြို့ပြ စီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှု ဌာနမှူး ဦးသစ္စာက မြေကွက်ခွဲစိတ်တာတို့ ၊ မြေကွက် ပေါင်းစည်း တာတို့အပြင် တခြား မြေဂရန် လျှောက်ထားမှု ၊ သက်ဆိုင်ရာ ကာယကံရှင်တွေရဲ့ လျှောက်ထားမှုတွေကို မြို့ပြ စီမံကိန်းနဲ့ စီမံခန့်ခွဲမှု ဉီးစီးဌာနရဲ့ လုပ်ထုံး လုပ်နည်း နဲ့ အညီ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူက လျှောက်ထားမှုကို မြို့ပြ စီမံကိန်းနဲ့ မြေစီမံ ခန့်ခွဲမှု လုပ်ထုံး လုပ်နည်းအရ သတင်းစာထဲ ကြော်ငြာ ထည့်ခဲ့တယ်လို့ ဦးသစ္စာက မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

အဲဒီအခါမှာ ဦးအောင်ဆန်းဦး က ကန့်ကွက်မှုတွေ ရှိခဲ့ကြောင်း ၊ ဒါကို လုပ်ထုံးလုပ်နည်း အရ ပြည်ထောင်စု ဥပဒေရုံးရဲ့ အကြံဉာဏ် တောင်းခံမှာ ဖြစ်ကြောင်း ၊ အဲဒီက ပြန်ကြားစာ ရမှသာ မြေစီမံခန့်ခွဲမှု ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဦးသစ္စာက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ဒီခြံရဲ့ အမွေ ကိစ္စဟာ နှစ်ပါးထိုင် တရားရုံးချုပ်က အမိန့် ချမှတ်ပြီး ဖြစ်တယ် ၊ အပေါ် ရုံးဖြစ်တဲ့ ၁၁ပါးထိုင် လို့ ခေါ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တက်လို့ မရတော့ဘူး ဆိုပေမယ့် ပုဒ်မ ၂၀ အရ တရားသူကြီး ဆုံးဖြတ်ချက်နဲ့ အမှု ပြန်ဖွင့်လိုက ပြန်ဖွင့်နိုင်တယ်လို့ ဥပဒေ ရေးရာ ကျွမ်းကျင်တဲ့ ပညာရှင် တယောက်က ပြောပါတယ်။

ဥပဒေ ထုံးတမ်း အစဉ်အလာ အရ အမွေဆိုင်ပစ္စည်း ဆိုတာ ခွဲလို့ ရရင် ခွဲပေး ရတာ ဖြစ်ပြီး ခွဲလို့ မရတဲ့ ကိစ္စမျိုး ကျမှသာ ရောင်းရတာ ဖြစ်တယ် အခု ဒီကိစ္စမှာ ခွဲလို့ ရတဲ့ ကိစ္စ ဖြစ်တဲ့ အတွက် ခွဲပေးလိုက်ပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေ ယူလိုကြောင်း ၂ဝဝ၁ ခုနှစ်တုန်းက တရားရုံးမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ဒေါ်ခင်ကြည် ကွယ်လွန်ပြီးစအချိန်မှာပဲ အမွေကိစ္စ အတွက် စာချုပ် စာတမ်းနဲ့ ဦးအောင်ဆန်းဦးက လက်မှတ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလို့ စည်းရုံးရေး သွားခါနီး လက်မှတ်ထိုး ပေးခဲ့ဖူးကြောင်း အစ်ကိုဝမ်းကွဲတော်တဲ့ ဦးအေးဝင်းက ပြောပါတယ်။

တချိန်ထဲမှာပဲ ဒေါ်ခင်ကြည်ရဲ့ အစ်မ ဒေါ်ခင်ကြီးရဲ့သား ဗိုလ်မှူးကြီး ခင်မောင်အေးကလည်း အဒေါ်ဆီကနေ နေစရာ တောင်းလို့ ခြံထဲမှာ တိုက်ဆောက်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။

ဗိုလ်မှူးကြီး ခင်မောင်အေးကတော့ ၂ဝ၁၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလကလည်း ဒီအိမ်ကြီးကို လေလံတင်ပြီး အမွေခွဲဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးက တရားရုံးမှာ တောင်းဆိုထားဖူးပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ မှာ ထုတ်ဝေခဲ့တဲ့ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး သား နဲ့ သမီး ဖြစ်ကြ လို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ၂၀၁၂ ဇွန်လ ၂၂ ရက် နေ့ က အမိန့်ချမှတ် လိုက်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွေကို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင် ဦးက အဲ့ဒီလို အမိန့်ချခဲ့စဉ်တုန်းက ဘီဘီစီ ကို ရှင်းပြထားခဲ့ပါတယ်။

၁၉၅၃ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်းများ လွှဲပြောင်းရေး ဥပဒေ အရ လိုက်နာ ဆောင်ရွက်ရာမှာ နိုင်ငံခြားသား မှ တောင်းဆိုခွင့် မရကြောင်းနဲ့ ရွှေ့ပြောင်း နိုင်သော ပစ္စည်း စတဲ့ မော်တော်ကား၊ လက်ဝတ်ရတနာ၊ အတွင်းပစ္စည်း နဲ့ ငွေကြေး စတဲ့ အပေါ် မှာသာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ အရ အညီအမျှ ခွဲဝေ ပေးနိုင်ကြောင်း ဦးမင်းလွင်ဦးက ပြောခဲ့ပါတယ်။