ထိုင်းမြို့စွန် ကုန်ရုံဟောင်းထဲ ပိတ်ထားခံရတဲ့ မြန်မာ ၂၀ ကို ကယ်တင်

ရေးသားခဲ့သည်။

ထိုင်းနဲ့ မလေးရှားနယ်စပ် ထိုင်းဘက်ခြမ်းက ဗဒန်ဗေစာမြို့စွန်က ကုန်လှောင်ရုံ အဟောင်းတခုမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ကလေးအပါအဝင် လူအယောက် ၂၀ကို ထိုင်းတာဝန်ရှိသူတွေက ဇွန်လ ၂၉ ရက်က ကယ်တင်လိုက်နိုင်ပါတယ်။

ဒီလိုတရားမဝင် လုပ်ဆောင်မှုတွေ ထိုင်းတောင်ပိုင်းမှာ နောက်ထပ်မဖြစ်ရအောင် ဆောင်ရွက်သွားမယ်လို့ ဒီနေ့အဖွဲ့ ပေါင်းစုံ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းတောင်ပိုင်းမှာ မြန်မာနိုင်ငံသားတွေကို တောထဲမှာ ဖွက်ထားတာ၊ ဂိုဒေါင်အဟောင်းထဲမှာပိတ် လှောင်ထားတာ စတာတွေကို မကြာခဏ ဖမ်းဆီးရမိနေလို့ နောက်နောင်ကို ထိုင်းနိုင်ငံထဲမှာ ဒါမျိုး မဖြစ်ရအောင် တင်းကြပ် လိုက်ဖို့ ထိုင်းဌာနပေါင်းစုံက ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး "ထိုင်းတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံသားတွေ ခိုးဝင်လာတဲ့ ရနောင်းဘက် နယ်စပ် ကနေ လမ်းကြောင်း တလျှာက်လုံးမှာ လုံခြုံရေး တင်းကြပ်ထားမှာပါ။ မလေးရှားနယ်စပ် ဗဒန်ဗေစာမှာလည်း အခုထက်ပိုပြီး လုံခြုံရေး တင်းကြပ်ထားမယ်။ မြန်မာနိုင်ငံသား အယောက် ၂၀ ကိစ္စကတော့ သူတို့ဟာ လူကုန်ကူးခံရသူ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးဆောင်ရွက်နေတုန်း ဖြစ်တယ်။ သူတို့ကို စစ်ဆေးမှု မပြီးသေးလို့ တရားရုံးမှာ လျှောက်တာ နောက်ထပ် ၇ ရက် စစ်ဆေးခွင့်ပြုထားတယ်" လို့ ဗဒန်ဗေစာမြို့က ရဲမှူး ရဲဒုတိယဗိုလ်မှူးကြီး အဒီဆတ်က် ကျေစမန်က ပြောပါတယ်။

အယောက် ၂၀ ထဲကတချို့ကို စစ်ဆေးအပြီးမှာ သူတို့ဟာ ရနောင်းကနေ ကယ်ရီကို ပိုက်ဆံနဲ့ ငှားပြီး မလေးရှားကို သွားနေတာလို့ ဆိုပါတယ်။ လမ်းခရီး တလျှောက်မှာ အစစ်အဆေး များနေရင်၊ ဟိုမှာပုန်း၊ ဒီမှာဝှက်နဲ့ နောက်ဆုံး မလေးရှားနယ်စပ် ရောက်ပြီး အစစ်အဆေးများ နေလို့ မလေးရှားဘက် မသွားနိုင်ဘဲ ပုန်းနေရတာလို့ ထွက်ဆိုတယ်လို့ ဆိုပါတယ်။

အဲ့လိုပုန်းနေတုန်း ဂိုဒေါင်ထဲက ကလေးငိုသံတွေနဲ့ လူတွေအော်ဟစ်သံကို အနီးအနားက ရွာသားတွေ ကြားပြီး ရဲကို အကြောင်းကြားရာက သူတို့ကို ကယ်တင်လိုက်နိုင်တာ ဖြစ်ပါတယ်။

အခု ထိုင်းလူကုန်ကူးမှု တားဆီးရေးအဖွဲ့၊ လူမှုဖူလုံရေးနဲ့ လုံခြုံရေးအဖွဲ့တွေကို ဒီလူအယောက် ၂၀ ဟာလူ ကုန်ကူးခံရသူတွေ ဖြစ်မဖြစ် ဆိုတာကို စိစစ်နေပါတယ်။

တချိန်ထဲမှာ ဒီလူတွေကို ခေါ်ဆောင်သွားတဲ့ ကယ်ရီသမားတွေကိုလည်း အရေးယူ အပြစ်ပေးဖို့ အတွက် ထိုင်းတာဝန်ရှိသူတွေကို ပိုက်စိတ်တိုက် လိုက်ရှာနေတယ်လို့ ရဲမှူးကြီး အဒီဆတ်က်ကပြောပါတယ်။