ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ICRC ရိက္ခာယာဉ်တန်းကို အေအေတိုက်တာ မဟုတ်ဘူးလို့ ငြင်းဆို
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရိက္ခာတွေကို ရန်ကုန်ကနေ မောင်တောကိုပို့တဲ့ ယာဉ်တန်း ဇွန်လ ၂၇ ရက် ညပိုင်းက တိုက်ခိုက်ခံရမှုဟာ အေအေ ရက္ခိုင့်တပ်မတော်က တိုက်ခိုက်တာမဟုတ်ဘူးလို့ အေအေ အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
"အဲလိုမျိုး တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးမရှိဘူး။ ဖြစ်တယ်ဆိုရင် ဗမာစစ်တပ်ဘက်က ပစ်တာပဲ ဖြစ်နိုင်တယ်။ မနေ့ညက အဲဒီမှာ ဗမာစစ်တပ်က စစ်ကြောင်းနှစ်ကြောင်းရှိနေတယ်။...အဲဒီလမ်းကြောင်း တစ်လျှောက်လုံးက ဗမာ စစ်တပ်တွေ နေရာယူထားတဲ့နေရာ ဖြစ်တယ်။...အဲဒီနေရာက ညဆိုလို့ရှိရင် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာ။ အရပ်သားတွေ ညဆိုလို့ရှိရင် အဲဒီနေရာကို သွားတာမရှိဘူး" လို့ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
မောင်တောမြို့နယ်၊ ကညင်တန်းမြို့မရပ်ကွက်မှာ ရှိတဲ့ ICRC ရုံးကိုသွားမယ့် ICRC ရဲ့ ယာဉ်ခြောက်စီးပါ ရိက္ခာပို့ယာဉ်တန်းဟာ အဲဒီနေ့ည ၈ နာရီခွဲလောက်မှာ ကျောက်တော်မြို့နယ်၊ ကျောက်ကြပ်ကျေးရွားနားမှာ တိုက်ခိုက်ခံရတယ်၊ လူနဲ့ အခြားထိခိုက်ပျက်စီးမှုကို စစ်ဆေးဆဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ကြေညာပါတယ်။
အခုလိုတိုက်ခိုက်ခံရတဲ့ ယာဉ်တွေဟာ ကြက်ခြေနီတံဆိပ်တပ်ဆင်သွားလာတာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က ICRC ပြန်ကြားရေးတာဝန်ရှိသူ ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။
"ICRC တံဆိပ်တွေလည်း ပါတော့မပါဘူး။ မြောက်ဦးအထွက် ကျောက်တော်ဘက်အဝင်မှာ လက်နက်ကြီးကျည် မှန်တယ်လို့ ပြောတယ်။ လူမသေဘူး။ ဘယ်သူမှ ထိခိုက်တာမျိုးလည်း မရှိဘူး။ ကားနည်းနည်းလေး minor damage ဖြစ်သွားတယ်လို့ ကြားရတယ်လို့ပြောပါတယ်" လို့ ဦးဇော်ဝင်းက ပြောပါတယ်။
တိုက်ခိုက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး "ICRC ကနေငှားတဲ့ကား၊ မောင်တောကို ရိက္ခာသွားပို့တဲ့ကား၊ အပစ်ခံရတာမဟုတ်ဘဲ ထိသွားတယ်။ အနည်းအပါးထိသွားတယ်၊ လူသေတာမျိုးလည်း မရှိဘူး။ လက်နက်အမျိုးအစားတွေ၊ အသေးစိတ်တွေကိုတော့ မသိသေးဘူး" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ အဲဒီ တိုက်ခိုက်မှုဟာ အေအေရဲ့ လက်ချက်ဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်းကို အကြီးအကျယ်ချိုးဖောက်တဲ့ သဘောမျိုးပဲလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဆက်လက်ပြီး အဲဒီတိုက်ခိုက်ခံရမှု အခြေအနေကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက " ရီမုဒ်မိုင်းသုံးလုံးဖောက်ပြီးတိုက်တယ်။ လက်နက်ငယ်နဲ့လည်း ပစ်ခတ်တယ်။ ကား ခြောက်စီးက ပထမဆုံး အစီးကတော့ လေကာမှန်ကွဲသွားတယ်။ ကားကိုယ်ထည်မှာတော့ လက်နက်ငယ်ကျည် ထိမှန်ပြီး ပျက်စီးခဲ့တယ်။ လူနဲ့ ယာဉ်မောင်းတွေ ထိခိုက်မှု မရှိဘူး" လို့ ပြောပါတယ်။
အေအေအဖွဲ့ အနေနဲ့တော့ ဘူးသီးတောင်-ရသေ့တောင်လမ်း၊ မောင်တော-အငူမော်လမ်း၊ စစ်တွေ-ရန်ကုန်လမ်းမှာ မိုင်းထောင်ခဲ့တာ အကြိမ် ၂၀ ကျော်လောက်ရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုတိုက်ခိုက်ခံရမှု ဖြစ်ပွားတဲ့ မဟာမုနိအနီးမှာ အေအေအဖွဲ့က မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်တာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ မိုင်းဖော်ယူရရှိတာလည်း သုံးကြိမ်ရှိပြီဖြစ်ကြောင်းနဲ့ အခုရရှိတဲ့ မိုင်း အစအနေတွေကလည်း အေအေအဖွဲ့ အရင်တုန်းက ထောင်ခဲ့တဲ့ မိုင်းပုံစံ လက်ရာနဲ့ တစ်ပုံစံတည်းပဲ ဖြစ်လို့ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ ပြောဆိုတာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ICRC ဟာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီဒေသတွေမှာ ရိက္ခာထောက်ပံ့အကူအညီပေးနေတာ ဖြစ်ပါတယ်။