မြန်မာအလုပ်သမား လေးဦး သေဆုံးတာ ဝမ်းနည်းကြောင်း မလေး ဒုဝန်ကြီးချုပ်ပြော

ရေးသားခဲ့သည်။

မလေးရှားနိုင်ငံ ပီနန်ကျွန်း ဂျော့ဂျ်တောင်းမြို့ရဲ့ အနောက်မြောက်ဖက်မှာ ရှိတဲ့ ဘာတူ ဖာရင်ဂီမြို့က မလေးရှား ဆရာဝန်တဦးရဲ့ အိမ်မှာ မြေထိန်းနံရံ ဆောက်နေတဲ့ မြန်မာ အလုပ်သမား ၄ ဦး မြေပြိုကျပြီး မြေပိလို့ သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၅ ရက် ည ၉ နာရီလောက်မှာ မြေပြိုကျခဲ့တာ ဖြစ်ပြီး မြေကြီးတွေ ဖုံးသွားတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ကြိုးစား ကယ်ယူခဲ့ပေမဲ့ သစ်ပင်ပြိုလဲ ပိနေတဲ့အတွက် မနက် လင်းအားကြီး ၄ နာရီလောက်မှ အလောင်း နှစ်လောင်းကို ပထမ ရှာဖွေ တွေ့ခဲ့ပြီး အဲဒီနောက်မှာမှ နောက် နှစ်လောင်းကို ရှာတွေ့ခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံရုံး အရာရှိ ဦးအောင်ဇော်မြင့်က ဘီဘီစီကို ပြောပါတယ်။

အလောင်းတွေနဲ့အတူ တွေ့ရတဲ့ ကတ်ပြားတွေအရ အဲဒီထဲက နှစ်ဦးဟာ ကိုထွေးနဲ့ ကိုနိုင်ချိုလင်း ဆိုသူတို့ ဖြစ်ကြပြီး ကျန်တဲ့ နှစ်ဦးကိုတော့ စိစစ်ဆဲ လို့ သိရပါတယ်။

အဲဒီအလုပ်သမားတွေဟာ မွန်အမျိုးသားတွေ ဖြစ်ပြီး တရားမဝင် အလုပ်သမားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီနေရာတဝိုက်မှာ တရားမဝင် မြန်မာ အလုပ်သမားတွေ အလုပ်လုပ်နေတယ်လို့ သိရပေမဲ့ အခင်းဖြစ်အပြီး အဖမ်းအဆီးခံရမှာ ကြောက်တဲ့အတွက် ထွက်ပြေး တိမ်းရှောင်ကုန်တယ်လို့ ဦးအောင်ဇော်မြင့်က ပြောပါတယ်။

အခုအခါ အလောင်းတွေကို ရင်ခွဲရုံမှာ ထားထားပြီး ကျန်ရစ်သူ မိသားစုဝင်တွေကို ဆက်သွယ် အကြောင်းကြားနိုင်ဖို့ မြန်မာသံရုံးက ကြိုးစား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီလို မြေထိန်းနံရံ ဆောက်လုပ်ဖို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေ ဆီမှာ ခွင့်ပြုချက် တောင်းခံတာမျိုး မရှိခဲ့တဲ့အတွက် အိမ်ပိုင်ရှင် ဆရာဝန်ကို တရားဥပဒေအရ အရေးယူမယ်လို့ မလေးရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ အလုပ်သမားတွေ အရှင်လတ်လတ် မြေကြီးအောက် ပိပြီး သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အကြီးအကျယ် တုန်လှုပ် စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ မလေးရှား ဒုတိယ ဝန်ကြီးချုပ် ဒေါက်တာ ဝမ် အဇီဇာ က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို သူ မပြတ်စောင့်ကြည့်နေခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျန်ရစ်သူ မိသားစုတွေအတွက် သူဆုတောင်းပေးနေတယ်လို့လည်း ဒေါက်တာ ဝမ် အဇီဇာက ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။